“ဩစတြေးလျအိုးပင်း အကြိုပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဆာဘာလန်ကာ”

13 Jan

၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးဂရင်းစလမ်ပြိုင်ပွဲရဲ့ အကြိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဩစတြေးလျအိုးပင်း ဘရစ္စဘိန်း နိုင်ငံတကာပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဆာဘာလန်ကာ အနိုင်ရပြီး ချန်ပီယံဆုရယူသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်က ကျင်းပခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆာဘာလန်ကာ က ယူကရိန်းတင်းနစ်မယ် ကော့စ်ယက် နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ပထမပွဲလတ်မှာ အပြန်အလှန် ရိုက်ချက်တွေနဲ့ အကြိတ်အနယ် ရှိခဲ့ပေမယ့် ၇၉ မိနစ်ကြာယှဉ်ပြိုင်အပြီးမှာ ဆာဘာလန်ကာ က ၆း၄၊ ၆း၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဘရစ္စဘိန်း ချန်ပီယံဆုကို ကစားသမားဘဝ (၃) ကြိမ်မြောက်အဖြစ် ရယူသွားနိုင်ခဲ့ပါတယ်။ ဆာဘာလန်ကာ ဟာ ဘရစ္စဘိန်း ပြိုင်ပွဲ ချန်ပီယံဆုတွေကို ၂၀၂၃ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရစ္စဘိန်းပြိုင်ပွဲ ချန်ပီယံဆုကို ရယူပြီးနောက်မှာ ဩစတြေးလျအိုးပင်း ပြိုင်ပွဲအတွက်ကို သေချာအာရုံစိုက် ပြင်ဆင်သွားတော့မှာဖြစ်တယ်လို့ ဆာဘာလန်ကာ က ပြောကြားသွားပါတယ်။ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲကို လာမယ့် ဇန်နဝါရီလ ၁၈ ရက်မှာ စတင်ကျင်းပမယ်လို့ သိရပါတယ်။ (NVS 008)

13 Jan

ADVERTISE HERE .