“ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ပြောကြား”
13 Jan
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း က ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ် ဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်က ကချင်ပြည်နယ်ဒေသခံ များနှင့် တွေ့ဆုံချိန်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တွေဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်၌ လျှပ်စစ်ဓာတ်အားကို ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအား၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်ကြပါကြောင်း၊ ရေအားလျှပ်စစ်က ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ပြီး ကချင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် မေခ၊ မလိခမြစ်နှစ်ခုမှ ပေါင်းစည်းပေးတဲ့ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြစ်ဆုံစီမံကိန်းအောင်မြင်ပါက ကချင်ပြည်နယ်နှင့် နိုင်ငံတော်အား အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများရရှိပြီး နောင်လာ နောက်သားများ အကျိုးများစွာခံစားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ငလျင်နှင့်အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဒေါက်တာ အေးလွင် က ရေလှောင်တမံတည်ဆောက်မှုနှင့်ပတ်သက်၍ ငလျင်ဒဏ်ခံနိုင်မှုအတွက် အဓိကထားတွက်ချက်ဆောင်ရွက်မှု အခြေအနေကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါတယ်။ (NVS 004)