“အာဖရိက၏အကြီးဆုံးလေဆိပ်ဖြစ်လာမည့် ဆောက်လုပ်ရေးလုပ်ငန်းများ အီသီယိုးပီးယားစတင်”

12 Jan

အာဖရိက၏အကြီးဆုံးလေကြောင်းအချက်အချာ ဖြစ်လာဖွယ်ရှိသည့် ဘစ်ရှော့ဖူအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်မှုအခမ်းအနားကို အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက် က ဇန်နဝါရီလ ၁၀ ရက် ဖွင့်လှစ်ပေးခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ၏ကျယ်ပြန့်သောလေကြောင်းတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် အာဖရိက၏ ထိပ်တန်းလေကြောင်းပို့ဆောင်ရေး တံခါးပေါက်ဖြစ်လာစေရေး အစိတ်အပိုင်းတစ်ခုအဖြစ် အဓိက လေဆိပ်စီမံကိန်း ဆောက်လုပ်ရခြင်းဖြစ်သည်ဟု အီသီယိုးပီးယားဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။ အဆိုပါလေဆိပ်ကို လေးနှစ်တာကာလအတွင်း ပထမအဆင့်ဆောက်လုပ်ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် သန်း ၆၀ ကို အဆင်ပြေစွာ စီမံခန့်ခွဲပေးနိုင်မည်ဖြစ်ပြီး လုံးဝပြီးစီးသွားပါက နှစ်စဉ်ခရီးသည်ပေါင်း သန်း ၁၁၀ ကို ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်။ အဒစ္စအဘာဘာဘိုးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နှစ်စဉ်ခရီးသည် ၂၅ သန်း ကို ဝန်ဆောင်မှု ပေးနိုင်ပြီး မကြာမီတိုးတက်မှုအရှိန်ဖြင့် အမြင့်ဆုံးစွမ်းဆောင်ရည်သို့ ရောက်ရှိတော့မည်ဟု ဝန်ကြီးချုပ်က ပြော သည်။ လေဆိပ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်တွင် အဓိကခရီးသည်ဝင်ပေါက်ကြီး နှစ်ခုရှိမည်ဖြစ်ကာ လေဆိပ်တွင် လေယာဉ်အစင်းပေါင်း ၁၈၀ ရပ်နားနိုင်မည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်တစ်ခုပါဝင်မည်ဖြစ်ကာ ကုန်စည်တန်ချိန် ၁ ဒသမ ၅ သန်းကို စီမံနိုင်မည်ဟု အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စုမှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ မက်စ်ဖင်တက်ဆောက ပြောသည်။ လေဆိပ်ကြီး ဆောက်လုပ်ပြီးစီးသွားပါက အီသီယိုးပီးယား လေကြောင်းလိုင်း၏ တစ်ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်မှုကို အားကောင်းစေကာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး စင်္ကြံကို ကျယ်ပြန့်စေမည်ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

12 Jan

ADVERTISE HERE .