“ကျူးဘားအနေဖြင့် ရေနံ သို့မဟုတ် ငွေကြေးထောက်ပံ့မှုမရတော့ဘဲ အမေရိကန်နှင့်သဘောတူညီချက် ရယူ ရန် ထရမ့် သတိပေး”
12 Jan
အမေရိကန်သမ္မတထရမ့်က ကျူးဘားနိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံမှ ရေနံ သို့မဟုတ် ငွေကြေး ထောက်ပံ့မှုကိုရရှိတော့မည်မဟုတ်ကြောင်းနှင့် အမေရိကန်နှင့်သာ သဘောတူညီချက်တစ်ရပ် အမြန်ဆုံးရယူသင့် ကြောင်း တိုက်တွန်းသည့်သတိပေးချက်ကို ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို ကို အမေရိကန်တပ်ဖွဲ့များက ဖမ်းဆီးပြီးနောက် ဗင်နီဇွဲလားနိုင်ငံမှ ကျူးဘားသို့ ပေးပို့နေသော ရေနံနှင့်ငွေကြေးထောက်ပံ့မှုများကို အမေရိကန်က ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ ကျူးဘားသို့ ရေနံနှင့် ငွေကြေး ထပ်မံပေးပို့တော့မည်မဟုတ်ကြောင်း၊ သုညအထိလျှော့ချမည်ဖြစ်ကြောင်း ထရမ့် က ၎င်း၏ လူမှုကွန်ရက်တွင် ရေးထားသည်။ ကျူးဘားနိုင်ငံသည် နှစ်များစွာကြာအောင် ဗင်နီဇွဲလားမှ ရေနံနှင့်ငွေကြေးများအပေါ် အမှီပြု၍ ရှင်သန် ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကထောက်ပြသည်။ လက်ရှိတွင် အမေရိကန်၏ ဖိအားပေးမှုကြောင့် ဗင်နီဇွဲလား ယာယီ သမ္မတသည် ရေနံများကို အမေရိကန်သို့သာ လွှဲပြောင်းပေးပို့နေရပြီ ဖြစ်သည်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ များ၏အစီရင်ခံစာအရ ကျူးဘားနိုင်ငံသည် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ကုန်သွယ်ရေးပိတ်ဆို့မှုများနှင့် စိုက်ပျိုး ရေး ကဏ္ဍအခက်အခဲများကြောင့် စီးပွားရေးအရ အလွန်အမင်းကျပ်တည်းနေစဉ် ရေနံထောက်ပံ့မှုကိုပါ ဆုံးရှုံး လိုက်ရခြင်းသည် ၁၉၅၉ ခုနှစ်နောက်ပိုင်း ကျူးဘားအစိုးရအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။