ဒီမိုကရေစီစနစ်တွင် ဥပဒေသိရှိရန်နှင့် လိုက်နာရန်အရေးကြီးပြီး ဥပဒေဆိုင်ရာအသိအမြင်များကို နိုင်ငံသားတိုင်း သိရှိနားလည်နိုင်ရန်လိုအပ်

11 Jan

ဒီမိုကရေစီစနစ်တွင် ဥပဒေသိရှိရန်နှင့် လိုက်နာရန်အရေးကြီးပြီး ဥပဒေဆိုင်ရာအသိအမြင်များကို နိုင်ငံသားတိုင်းသိရှိနားလည်နိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းမှာ ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအားတွေ့ဆုံ၍ ‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်ယာယီသမ္မတက နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသား အရင်းအမြစ်များ ပေါများကြွယ်ဝစေရေး ပညာရေးကဏ္ဍမြှင့်တင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေသိရှိရန်နှင့် လိုက်နာရန်အရေးကြီးပြီး ဥပဒေဆိုင်ရာအသိအမြင်များကို နိုင်ငံသားတိုင်းသိရှိနားလည်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ပြင် စီးပွားရေးအသိအမြင်များကိုလည်း နိုင်ငံသားတိုင်း သိရှိ နားလည်နေမည်ဆိုပါက တစ်ဦးချင်းစီမှစ၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပိုမိုအထောက်အကူ ဖြစ်လာ စေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဥပဒေ၊ စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာများရရှိစေရေးအတွက် တက္ကသိုလ်တိုင်းတွင် ဥပဒေဘွဲ့ B.A(Law)၊ စီးပွားရေးဘွဲ့ B.A(Eco)များအတွက် သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ဒါကြောင့် အခြေခံဥပဒေတွင် အခြေခံပညာမူလတန်းကို မသင်မနေရစနစ် သတ်မှတ်ထားသော်လည်း ပညာခေတ်ကာလနှင့် ခေတ်ကာလ အခြေအနေအရ မိမိတို့အစိုးရလက်ထက်တွင် အခြေခံပညာအလယ်တန်း(KG+9) ပြီးသည်အထိ နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်အောင် စီမံဆောင်ရွက်ခဲ့ကြောင်း၊ အောင်မြင်မှုများရှိခဲ့ပြီး ဆက်လက်၍ ထိရောက် ကျယ်ပြန့်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများ တိုးတက်အောင် အလေးထားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ပညာတတ်များ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကိုလည်း သင်ကြားနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားတိုးတက်လာစေရေး အလေးထားဆောင်ရွက်ပေးကြစေလို ကြောင်း၊ မိမိတို့ သားသမီးများ၏ ဘဝတိုးတက်စေရေး၊ မိမိတို့ဘဝထက် ပိုမိုတိုးတက်စေရေးအတွက် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။(NVS 004)

11 Jan

ADVERTISE HERE .