တရုတ်နှင့် ရုရှားဦးဆောင်သော လေးနိုင်ငံစစ်ရေးလေ့ကျင့်မှု တောင်အာဖရိကနိုင်ငံ ကိပ်တောင်းကမ်းလွန်၌ စတင်

11 Jan

တရုတ်၊ ရုရှားနှင့် အီရန်ရေတပ်တို့မှ စစ်သင်္ဘောများသည် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့ ကမ်းလွန်၌ တောင်အာဖရိကရေတပ်နှင့်အတူ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို ဇန်နဝါရီလ ၁၀ ရက်တွင် စတင် ခဲ့ကြကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ BRICS Plus ဟူ၍ အမည်ပေးထားသည့် အဆိုပါလေးနိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုသည် ရက်သတ္တပတ် ကြာမြင့်မည်ဖြစ်ကြောင်း တောင်အာဖရိကရေတပ်က သတင်းထုတ်ပြန်ထားသည်။ BRICS Plus လေးနိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ပင်လယ်ရေကြောင်းလမ်းများ လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်ရေးကို ရည်ရွယ်၍ ပြုလုပ်နေခြင်းဖြစ်ကြောင်း တောင်အာဖရိကရေတပ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အမေရိကန်တပ်မတော်က ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးအရတိုက်ခိုက်၍ သမ္မတ မာဒူရို ကို ဖမ်းဆီး ထိန်းသိမ်းခဲ့မှုကြောင့် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ်၊ ရုရှား၊ အီရန်နိုင်ငံ တို့က တောင်အာဖရိကနိုင်ငံနှင့် ပူးပေါင်းကာ ရေတပ်စစ်ရေးလေ့ကျင့်မှုများ စတင်နေသည်။ BRICS Plus ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ဘရာဇီး၊ အီဂျစ်နှင့် အီသီယိုးပီးယားနိုင်ငံတို့လည်း လေ့လာသူ အဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း တောင်အာဖရိကရေတပ် တာဝန်ရှိသူများက ပြောကြားထားသည်။ တောင်အာဖရိကနိုင်ငံသည် ယခင်ကလည်း တရုတ်၊ ရုရှား၊ အီရန်နိုင်ငံတို့နှင့်အတူ တောင်အာဖရိကရေပြင်အတွင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

11 Jan

ADVERTISE HERE .