ဂရင်းလန်းကျွန်းကို နည်းလမ်းဟောင်းဖြင့် သိမ်းယူနိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် သတိပေး

11 Jan

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် မဟာဗျူဟာမြောက်အရေးပါသော ဂရင်းလန်းကျွန်းကို ဝယ်ယူ ရန် သို့မဟုတ် သိမ်းယူရန် နည်းလမ်းဟောင်းကို အသုံးပြုသွားနိုင်ကြောင်း ဇန်နဝါရီလ ၉ ရက်တွင် သတိပေးခဲ့သည်။ အဆိုပါကျွန်းကို ရုရှား သို့မဟုတ် တရုတ် ၏လက်ထဲသို့ အပါမခံနိုင်ကြောင်းနှင့် အမေရိကန်အနေဖြင့် တစ်ခုခု လုပ်သွားမည်ဖြစ်ကြောင်း ထရမ့် က အိမ်ဖြူတော်၌ သတင်းထောက်များကိုပြောသည်။ ဂရင်းလန်းကျွန်း၏ အချုပ်အခြာအာဏာပိုင် ဒိန်းမတ်နိုင်ငံကမူ အမေရိကန်၏ ထိုကဲ့သို့ကြိုးပမ်းမှုကို အပြင်းအထန် ကန့်ကွက်နေသည်။ သမ္မတ ထရမ့် က ၎င်းအနေဖြင့် သဘောတူညီချက်တစ်ခုကို လွယ်ကူသော နည်းလမ်းဖြင့် ရယူလိုသော်လည်း ထိုသို့မဖြစ်မြောက်ပါက နည်းလမ်းဟောင်းဖြင့် ဆောင်ရွက်သွားမည်ဟု အလေးပေးပြောထားသည်။ ထရမ့်သည် စစ်ရေးနည်းလမ်းဖြင့် အရေးယူနိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားနေပြီး ကျွန်းသားများကို လျော်ကြေးပေးရန်ကိစ္စကိုလည်း ပယ်ချခြင်းမရှိပေ။ ဂရင်းလန်းကျွန်းသည် လူဦးရေ ၅၇,ဝဝဝ အောက်သာ ရှိသော်လည်း အာတိတ်ဒေသလုံခြုံရေးအတွက် အရေးပါသောကြောင့် အမေရိကန်က အပြည့်အဝထိန်းချုပ်လိုခြင်း ဖြစ်သည်။ ဇန်နဝါရီလ ၆ ရက်တွင် ဝေါစထရိဂျာနယ်၏ဖော်ပြချက်အရ ထရမ့်အစိုးရသည် ဂရင်းလန်းကျွန်းကို အဓမ္မသိမ်းယူခြင်းထက် ဝယ်ယူခြင်းကို ပိုမိုလိုလားကြောင်း သိရသည်။

11 Jan

ADVERTISE HERE .