“ယူကရိန်းပစ်မှတ်များကို ရုရှားတပ်များက အော်ရက်ရှ်နစ်ခ်ဒုံးကျည်ဖြင့် တိုက်ခိုက်”
10 Jan
ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံတွင်းရှိ ပစ်မှတ်များကို အော်ရက်ရှ်နစ်ခ်အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ်ဒုံးကျည်စနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ရုရှားသမ္မတပူတင်၏နေအိမ်ကို မောင်းသူမဲ့ ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်ရန် ယူကရိန်း၏ကြိုးပမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် အော်ရက်ရှ်နစ်ခ် ဟိုက်ပါဆိုးနစ် ဒုံးကျည်စနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ဇန်နဝါရီလ ၈ ရက် လေကြောင်းတိုက်ခိုက်မှုများတွင် ရုရှားတပ်မတော်က အော်ရက်ရှ်နစ်ခ် ဟိုက်ပါဆိုးနစ် ဒုံးကျည်တစ်စင်းအသုံးပြုခဲ့ရာ အဆိုပါဒုံးကျည်သည် တစ်နာရီလျှင် မိုင် ၈,၀၀၀ နှုန်းဖြင့် ပျံသန်းခဲ့ကြောင်း ယူကရိန်းတပ်မတော်က အတည်ပြုခဲ့သည်။ ရုရှားတပ်မတော်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ယူကရိန်း စစ်လက်နက်ပစ္စည်းစက်ရုံတစ်ရုံကို တိုက်ခိုက်ရာတွင် အော်ရက်ရှ်နစ်ခ်ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို ပထမဆုံး အကြိမ်အဖြစ်အသုံးပြုခဲ့သည်။ အော်ရက်ရှ်နစ်ခ် ဟိုက်ပါဆိုးနစ်ဒုံးကျည်သည် အသံမြန်နှုန်းထက် ၁၀ ဆ ပိုသည့် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သည်ဟု ရုရှားအစိုးရက ပြောကြားထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။