“ယူကရိန်းသို့ ပြည်ပတပ်ဖွဲ့ဝင်များစေလွှတ်ပါက တိုက်ခိုက်ခံရမည့်ပစ်မှတ်များဖြစ်လာမည်ဟု ရုရှားသတိပေး”
09 Jan
ယူကရိန်းနိုင်ငံသို့ အနောက်အုပ်စုအစိုးရများကစေလွှတ်မည့် မည်သည့်ပြည်ပတပ်ဖွဲ့ဝင်မဆို တိုက်ခိုက် ခံရမည့်တရားဝင်ပစ်မှတ်များဖြစ်လာမည်ဟု ရုရှားအစိုးရက ဇန်နဝါရီလ ၈ ရက်တွင် ထပ်မံသတိပေးထားသည်။ ထိုထုတ်ပြန်ချက်သည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း ယူကရိန်းတွင် နိုင်ငံတကာတပ်ဖွဲ့ဝင်များ စေလွှတ်ရန်အစီအစဉ်များကို ဗြိတိန်နှင့်ပြင်သစ်တို့က ထုတ်ဖော်ပြောပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇန်နဝါရီလ ၆ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ပြုလုပ်ခဲ့သော Coalition of the Willing ထိပ်သီးအစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတတို့က ယူကရိန်းတွင် စစ်ရေးဌာနချုပ်များ တည်ထောင်ရန်နှင့် တပ်ဖွဲ့ဝင်များစေလွှတ်ရန် ရည်ရွယ်ချက်ဖြင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့သည်။ ပြင်သစ်သမ္မတက ၎င်းတို့အနေဖြင့် ပြင်သစ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို စေလွှတ်နိုင်ကြောင်း ပြော သကဲ့သို့ ဗြိတိန်ဝန်ကြီးချုပ်ကလည်း အဆိုပါလုပ်ရပ်သည် ယူကရိန်း၏ဝေဟင်နှင့် ပင်လယ်ပြင်လုံခြုံရေးအတွက် ဖြစ်သည်ဟု ဆိုသည်။ ထို့နောက် အနောက်အုပ်စု၏ ယခုကဲ့သို့သောစစ်လိုလားသည့် ထုတ်ပြန်ချက်များသည် အလွန်အန္တရာယ်များကြောင်းနှင့် ယူကရိန်းမြေပေါ်တွင် ပြည်ပစစ်စခန်းများ သို့မဟုတ် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းကို နိုင်ငံခြားကျူးကျော်မှုအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု Bangkok Post သတင်းဌာနဖော်ပြချက်အရ သိရသည်။