အမေရိကန်က ဗင်နီဇွဲလား၏ ရေနံရောင်းချမှုများကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်ထားမည်ဟု အမေရိကန် စွမ်းအင်ဝန်ကြီး ပြော
08 Jan
အမေရိကန်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံတွင် သိုလှောင်ထားသောရေနံများကို ဈေးကွက်တွင် ရောင်းချရုံ သာမက ယင်းနိုင်ငံမှထုတ်လုပ်သော ရေနံရောင်းချမှုများကိုလည်း အချိန်အကန့်အသတ်မရှိ ထိန်းချုပ်ထားမည်ဟု အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ္စရိုက် က ဇန်နဝါရီလ ၇ ရက်၌ ပြောကြားခဲ့သည်။ “ဗင်နီဇွဲလားကနေ ထုတ်လုပ်တဲ့ ရေနံစိမ်းတွေကို ဈေးကွက်မှာ ရောင်းချသွားမှာပါ။ အရင်ဆုံး ရေနံတွေကို အရန်အနေနဲ့ သိုလှောင်ထားမယ်။ ပြီးတော့မှ ဈေးကွက်ထဲမှာ ရောင်းချတာကို အချိန်အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် ပြုလုပ်သည့် စက်မှုလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ တစ်ခု၌ ရိုက် က ပြောကြားခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ထိုသို့ရောင်းချမှုများကို အမေရိကန်အစိုးရက လုပ်ဆောင်မည်ဖြစ်ကာ ရေနံရောင်းရငွေများကိုလည်း အမေရိကန်အစိုးရက ထိန်းချုပ်ထားသော ဘဏ်အကောင့်များထဲတွင် အပ်နှံထားမည်ဟု ရိုက် က ဆိုသည်။ ထို့နောက် ဗင်နီဇွဲလားပြည်သူများ အကျိုးရှိစေရန်အတွက် ရေနံရောင်းရငွေများကို ဗင်နီဇွဲလားနိုင်ငံထဲသို့ ပြန်လည်စီးဆင်းစေမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်အနေဖြင့် ဗင်နီဇွဲလားတွင် အပြောင်းအလဲ များ ပေါ်ပေါက်လာရေးအတွက် တွန်းအားပေးရန် ထိုရေနံရောင်းရငွေများကို ထိန်းချုပ်ကာ ထိထိရောက်ရောက် အသုံးချရန်လိုအပ်ကြောင်း ရိုက် က ထပ်လောင်းပြောကြားခဲ့သည်။ ထရမ့် အစိုးရအနေဖြင့် ဗင်နီဇွဲလား ခေါင်းဆောင်များနှင့်သာမက အမေရိကန် ရေနံကုမ္ပဏီများနှင့်လည်း “ထိရောက်သော ဆွေးနွေးမှုများ” လုပ်ဆောင်လျက်ရှိသည်ဟု ရိုက်က ဆိုသည်။ ဗင်နီဇွဲလားအာဏာပိုင်များက ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် ရေနံစည် သန်း ၃၀ မှ သန်း ၅၀ အကြားကို အမေရိကန်ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇန်နဝါရီလ ၆ ရက်၌ ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံအား အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်သည် ကန့်ကွက်ဆန္ဒပြ မှုများ၊ အပြင်းအထန်ဝေဖန်မှုများနှင့် ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရကာ ယင်းသည် အဓိကအားဖြင့် ဗင်နီဇွဲလား၏ အလွန်ကြီးမားသော ရေနံသိုက်များကို ထိန်းချုပ်လိုသည့်အတွက် ဥပဒေချိုးဖောက်၍ လုပ်ဆောင် ခဲ့သော လုပ်ရပ်အဖြစ် လူအများက ရှုမြင်လျက်ရှိကြသည်။ (Report from Xinhua Myanmar)