ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက ၎င်းအနေဖြင့် စွဲချက်တင်ခံရနိုင်ခြေရှိသည်ဟု ထရမ့် ဆို

08 Jan

အမေရိကန်သမ္မတ ထရမ့် က ၎င်းတည်ရှိရာ ရီပက်ဘလစ်ကန်ပါတီသည် ယခုနှစ် လွှတ်တော် ပြန်လည်ရွေးကောက်ပွဲ (ကြားဖြတ်ရွေးကောက်ပွဲ)တွင် မဖြစ်မနေအနိုင်ရ ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ၎င်း အနေဖြင့် ဒီမိုကရက်ပါတီဝင်များ၏ စွဲချက်တင်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဇန်နဝါရီလ ၆ ရက်က ပြောကြား ခဲ့သည်။ ထိုနေ့ ဝါရှင်တန်တွင် ကျင်းပသော အောက်လွှတ်တော် ရီပက်ဘလစ်ကန်အမတ်များ၏ အစည်းအဝေးတွင် ထရမ့်က “ခင်ဗျားတို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရကိုရရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရှုံးရင် သူတို့က အကြောင်းပြချက်တစ်ခုခုရှာပြီး ကျွန်တော့်ကို စွဲချက်တင်လိမ့်မယ်” ဟူ၍ ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် ရီပက်ဘလစ်ကန်ပါတီဝင် ဖက်ဒရယ်အောက်လွှတ်တော်အမတ် Doug LaMalfa ရုတ်တရက်ကွယ်လွန်ခဲ့သည်ကို ထရမ့် အတည်ပြုခဲ့သည်။ LaMalfa သည် ထရမ့် အုပ်ချုပ်ရေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်၏ ခိုင်မာသော ထောက်ခံသူတစ်ဦးဖြစ်ရာ ၎င်းကွယ်လွန်ခြင်းကို ထရမ့် က “အလွန်ပင် ဝမ်းနည်း ကြေကွဲရကြောင်း” ပြောကြားခဲ့ပြီး “သူရဲ့ မဲပေးမှုတိုင်းက ကျွန်တော်နဲ့ အမြဲတူညီတယ်” ဟု ဆိုခဲ့သည်။ တစ်ချိန်က ထရမ့် ၏ အရေးပါသော နိုင်ငံရေးမဟာမိတ် Marjorie Taylor Greene က ဇန်နဝါရီလ ၅ ရက် တွင် အောက်လွှတ်တော်အမတ်နေရာမှ နုတ်ထွက်ခဲ့သည်။ ထို့အပြင် LaMalfa ကွယ်လွန်ခဲ့ရာ အောက်လွှတ်တော် တွင် ရီပက်ဘလစ်ကန်ပါတီ၏ အနည်းငယ်သာရှိသော အားသာချက်မှာ တစ်ဆင့်တိုးဆုတ်ယုတ်လာခဲ့သည်။ လက်ရှိတွင် အောက်လွှတ်တော်၌ ရီပက်ဘလစ်ကန်ပါတီ ထိန်းချုပ်ထားသော အမတ်နေရာမှာ ၂၁၈ နေရာအထိ လျော့နည်းသွားပြီး ဒီမိုကရက်တစ်ပါတီမှာ ၂၁၃ နေရာရှိသည်။ အထက်လွှတ်တော်တွင် ရီပက်ဘလစ်ကန်ပါတီက ၅၃ နေရာ ရယူထားပြီး ဒီမိုကရက်တစ်ပါတီမှာ ၄၅ နေရာ ရယူထားသည်။ အမေရိကန်နိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ထားပြီး ထိုအချိန်တွင် အောက်လွှတ်တော်အမတ်နေရာအားလုံးနှင့် အထက်လွှတ်တော်အမတ်နေရာ သုံးပုံတစ်ပုံကို ပြန်လည် ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။ လက်ရှိပါတီကွဲများ သဘောထားကွဲလွဲမှု တစ်နေ့တစ်ခြား ပြင်းထန်လာ သည့်အခြေအနေတွင် ရီပက်ဘလစ်ကန်ပါတီက အထက်လွှတ်တော် သို့မဟုတ် အောက်လွှတ်တော်ရှိ မည်သည့် နေရာအများစုကိုမဆို ဆုံးရှုံးပါက ထရမ့် ၏ နောက်ပိုင်းအုပ်ချုပ်ရေးစီမံခန့်ခွဲမှုကို ထိခိုက်စေမည်ဖြစ်သည်။ (Report from Xinhua Myanmar)

08 Jan

ADVERTISE HERE .