“တရုတ်နိုင်ငံ၏ အရပ်ဘက်နှင့်စစ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများ တင်ပို့မှုပိတ်သိမ်းရေးအစီအစဉ် ရုပ်သိမ်းပေးရန် ဂျပန်တိုက်တွန်းထား”
08 Jan
အရပ်ဘက်အတွက်သာမက စစ်ဘက်အရလည်း အသုံးချနိုင်သည့်ကုန်ပစ္စည်းများ ဂျပန်နိုင်ငံသို့ တင်ပို့မှု ပိတ်ပင်ရေးအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းပေးရန် ဂျပန်အစိုးရက တရုတ်နိုင်ငံကို တိုက်တွန်းထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။ အရပ်ဘက်နှင့်စစ်ဘက် နှစ်မျိုးလုံးသုံးစွဲနိုင်သည့် ကုန်ပစ္စည်းများ ဂျပန် နိုင်ငံသို့တင်ပို့မှုကို ပိတ်ပင်မည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၆ ရက်တွင် ကြေညာ ခဲ့ပြီးနောက် ဂျပန်အစိုးရက အဆိုပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ကုန် ပစ္စည်းများအနက် နည်းပညာစက်မှုလုပ်ငန်းအတွက် အရေးကြီးသည့် မြေရှားသတ္တုများလည်း ပါဝင်နိုင်ကြောင်း သိရသည်။ တရုတ်(တိုင်ပေ)အရေးနှင့်ပတ်သက်၍ တရုတ်နှင့်ဂျပန်နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေချိန်တွင် အရပ်ဘက် နှင့်စစ်ဘက်နှစ်မျိုးလုံး သုံးစွဲနိုင်သည့်ကုန်ပစ္စည်းများ ဂျပန်နိုင်ငံသို့တင်ပို့မှုကို ထပ်မံတင်းကျပ်ရန် တရုတ်အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို နိုင်ငံတကာကုန်သွယ်ရေး လုပ်ထုံးလုပ်နည်း များနှင့်မကိုက်ညီသော အစီအစဉ်အဖြစ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပြီးအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းပေးရန် တရုတ်နိုင်ငံကို တိုက်တွန်းထားသည်။ ဂျပန်နိုင်ငံသို့တင်ပို့မှု ထပ်မံတင်းကျပ်မည့် ကုန်ပစ္စည်းများစာရင်းကို တရုတ်အစိုးရက ကြေညာထားခြင်း မရှိသော်လည်း ဂျပန်စက်မှုလုပ်ငန်းအတွက် အရေးကြီးသည့် မြေရှားသတ္တုများ ပါဝင်နေမည့်အရေးကို ဂျပန်နိုင်ငံ စိုးရိမ်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။