“ဘယ်လာ- ၁ ရေနံတင်သင်္ဘောကိုစောင့်ရှောက်ရန် ရေငုပ်သင်္ဘောတစ်စီး ရုရှားနိုင်ငံစေလွှတ်ထားဟုဆို”
08 Jan
ရုရှားရေတပ်သည် ဘယ်လာ-၁ ရေနံတင်သင်္ဘောကို စောင့်ရှောက်ရန်အတွက် ရေငုပ်သင်္ဘောတစ်စီးနှင့် အခြားရေတပ်သင်္ဘောများ စေလွှတ်ထားကြောင်း ရုရှားမီဒီယာများက ဇန်နဝါရီလ ၆ ရက် တွင် သတင်းထုတ်ပြန် ထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြခဲ့သည်။ ဘယ်လာ- ၁ ရေနံတင်သင်္ဘောသည် ကာရေဘီယံရေပြင် အတွင်း အမေရိကန်ကမ်းခြေစောင့်တပ်က ဖမ်းဆီးရန် ကြိုးပမ်းနေသည့် ရေနံတင်သင်္ဘောဖြစ်သည်။ ဘယ်လာ-၁ ရေနံတင်သင်္ဘောကို တရားမဝင်ဗင်နီဇွဲလားရေနံများသယ်ယူပို့ဆောင်မှုလုပ်ငန်း၌ ပါဝင်ပတ်သက်နေသော ရေနံတင်သင်္ဘောအဖြစ် အမေရိကန်တာဝန်ရှိသူများက ယူဆထားသည်။ ဘယ်လာ-၁ ရေနံတင်သင်္ဘောကို စောင့်ရှောက်ရန်အတွက် ရုရှားအစိုးရက စေလွှတ်ထားမှုသည် ကာရေ ဘီယံဒေသ၌ ရုရှားနှင့်အမေရိကန်နိုင်ငံတို့ကြား ပင်လယ်ရေကြောင်း တင်းမာမှုမြင့်တက်လာနိုင်မည့် သဘောကို ပြသလျက် ရှိသည်။ ဘယ်လာ- ၁ ရေနံတင်သင်္ဘောကို ကာကွယ်ရန်အတွက် ရေငုပ်သင်္ဘောနှင့် ရေတပ်သင်္ဘောများ စေလွှတ်ထားမည်ဆိုသောသတင်းကို ရုရှားအစိုးရက အတည်ပြုထားခြင်းမရှိကြောင်း သိရသည်။ ဘယ်လာ-၁ ရေနံတင်သင်္ဘောကို အမေရိကန်ကမ်းခြေစောင့်တပ်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကာရေဘီယံ ရေပြင် အတွင်း ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။