တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာရေးရာများအတွက် တွေ့ဆုံဆွေးနွေး
07 Jan
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် သည် တောင်ကိုရီးယားနိုင်ငံသမ္မတ လီဂျေမြောင် နှင့် ပေကျင်းမြို့တော်တွင် ဇန်နဝါရီလ ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန် နှစ်ဘက်လုံးက သဘောတူခဲ့ကြကြောင်း သိရသည်။ ယခုခရီးစဉ်သည် လီ အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစ၍ တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ် လာရောက်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ဒုတိယအကြိမ်တွေ့ဆုံကြခြင်းဖြစ်ရာ အပြန်အလှန် ခရီးစဉ်များလည်း ရှိခဲ့ကြကာ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို နှစ်ဘက်လုံးက အထူးအလေးထား ကြောင်းကို ထင်ဟပ်ပေါ်လွင်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးကို ဒေသတွင်း သံတမန်ရေးလုပ်ငန်းစဉ်တွင် မြင့်မားသောနေရာ၌ အစဉ်အမြဲထားရှိပြီး တောင်ကိုရီးယားနှင့် ဆက်ဆံရေးမူဝါဒ၌လည်း စဉ်ဆက်မပြတ်ဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားလျက်ရှိကြောင်း ရှီ ကဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ နှင့်အတူ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို အခိုင်အမာစောင့်ထိန်းရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ အပြန်အလှန်ရလဒ်ကောင်းများ ထွက်ပေါ်ရေးမူဝါဒကို ထိန်းသိမ်းရန်၊ ကောင်းမွန်သော လမ်းကြောင်းတစ်လျှောက် နှစ်နိုင်ငံဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ ကောင်းကျိုးချမ်းသာကို ထိရောက်စွာမြှင့်တင်ပေးနိုင်ရန်၊ ဒေသတွင်းနှင့် ကမ္ဘာကြီးငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘော အကျိုးထမ်းဆောင်ရန် ဆန္ဒရှိကြောင်းလည်း ရှီ က ဖြည့်စွက်ပြောခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ယုံကြည်မှု၊ နိုင်ငံကိုယ်စီဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများကို အချင်းချင်း လေးစားရန်၊ တစ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် အဓိကစိုးရိမ်ပူပန်မှုများကို တစ်နိုင်ငံက ထည့်သွင်းစဉ်းစားရန်၊ ဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများမှတစ်ဆင့် ကွဲပြားခြားနားမှုများကို အဖြေရှာရန် သမ္မတ ရှီ က တိုက်တွန်း ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသမ္မတ လီဂျေမြောင် က ၎င်းတို့နိုင်ငံအနေဖြင့် ယခုနှစ်၏ ပထမဆုံးနိုင်ငံ့ခေါင်းဆောင် သံတမန်အစည်းအဝေးကို အခွင့်အလမ်းအဖြစ် အသုံးပြုကာ ဘက်စုံပြန်လည်နာလန်ထူမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် ခိုင်မာရေး၊ ကွဲပြားမှုများကိုဖယ်ရှားလျက် ဘုံအခြေခံရှာဖွေရေး၊ တောင်ကိုရီးယား-တရုတ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ရေးအတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် အဓိကစိုးရိမ်မှုများကို တောင်ကိုရီးယားက လေးစားမှု ရှိသလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားလိုက်နာလျက်ရှိကြောင်း လီ က အလေးထားပြောခဲ့သည်။ (Repost from Xinhua Myanmar)