အမေရိကန်၏ စစ်အင်အားအသုံးပြုခြင်းအပါအဝင် ဂရင်းလန်းကျွန်းအား ရယူနိုင်မည့်နည်းလမ်းများကို ထရမ့် ချိန်ဆနေဟု အိမ်ဖြူတော်ပြော
07 Jan
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ၎င်း၏အစိုးရအဖွဲ့က ဒိန်းမတ်နိုင်ငံ၏ ဂရင်းလန်းကျွန်းအား ရယူနိုင်ရေးအတွက် “အမေရိကန်၏စစ်အင်အား အသုံးပြုခြင်း” အပါအဝင် နည်းလမ်းအမျိုးမျိုးကို ချိန်ဆလျက် ရှိသည်ဟု အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ် က ဇန်နဝါရီလ ၆ ရက်၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “သမ္မတကြီးနဲ့ သူ့ရဲ့အဖွဲ့ဟာ အဲဒီအရေးကြီး နိုင်ငံခြားရေးမူဝါဒမျှော်မှန်းချက်ကို ဖော်ဆောင်ဖို့ နည်းလမ်း အမျိုးမျိုးကို ဆွေးနွေးသုံးသပ်နေပြီး စစ်သေနာပတိချုပ်ရဲ့ သဘောဆန္ဒအလျောက် အမေရိကန်စစ်တပ်ကို အသုံးပြုခြင်းဟာလည်း ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် အမြဲရှိနေပါတယ်” ဟု လဲဗစ်ထ် က ဆင်ဟွာသတင်း ဌာနသို့ အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းကို ရရှိရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ ဦးစားပေးကိစ္စရပ်ဖြစ်သည်ကို သမ္မတ ထရမ့် က လူသိရှင်ကြား ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသည် အာတိတ်ဒေသ၌ မိမိတို့၏ ရန်သူများကို ဟန့်တားရာတွင် အလွန်အရေးပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အိမ်ဖြူတော် လက်ထောက်ဦးစီးအရာရှိချုပ် စတီဖင် မေလာ ကလည်း အမေရိကန်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်းကျွန်းအား သိမ်းယူရန် ကြိုးပမ်းမည်ဆိုလျှင်လည်း မည်သူကမှ အမေရိကန်ကို တိုက်ခိုက်ကြလိမ့်မည်မဟုတ်ကြောင်း ဇန်နဝါရီလ ၅ ရက်က ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းသည် အမေရိကန်၏ နယ်မြေအစိတ်အပိုင်း ဖြစ်သင့်သည်ဟူသော အချက်မှာ အမေရိကန် အစိုးရ၏ တရားဝင်သဘောထားဖြစ်ကြောင်း CNN သတင်းဌာနနှင့် အင်တာဗျူးတွင် မေလာက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဂရင်းလန်းကို မုချလိုအပ်ပါတယ်။ ကာကွယ်ရေးအတွက် ဂရင်းလန်းကို လိုအပ်ပါတယ်” ဟု ဇန်နဝါရီလ ၄ ရက်က အတ္တလန်တစ်(Atlantic)မဂ္ဂဇင်းနှင့် တယ်လီဖုန်းအင်တာဗျူး၌ ထရမ့် က ထပ်လောင်း ပြောကြားခဲ့ကာ ဗင်နီဇွဲလားမှာ အမေရိကန်က ကြားဝင်စွက်ဖက်မှုလုပ်ဆောင်သည့် နောက်ဆုံးနိုင်ငံဖြစ်ဖွယ် မရှိဟု ထပ်လောင်းအတည်ပြုခဲ့သလို ဗင်နီဇွဲလားအား အမေရိကန်က အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်ခြင်းမှာ ဂရင်းလန်းအတွက် မည်သို့အဓိပ္ပာယ်သက်ရောက်မှုရှိသည်ကို အခြားနိုင်ငံများက စဉ်းစားဆုံးဖြတ်သင့်သည် ဟုလည်း အခိုင်အမာပြောဆိုခဲ့သည်။ ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖရက်ဒရစ်ဆင် ကမူ “အမေရိကန်က တခြားနေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရတိုက်ခိုက်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် နေတိုးအဖွဲ့ရော ဒုတိယကမ္ဘာစစ်အပြီးမှာ စတင်ထူထောင်ခဲ့တဲ့ လုံခြုံရေးစနစ်ပါ အပါအဝင် အရာအားလုံးရပ်ဆိုင်းသွားပါလိမ့်မယ်” ဟု ဇန်နဝါရီလ ၅ ရက်က တန်ပြန်သတိပေး ခဲ့သည်။ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ ဗြိတိန်နှင့် ဒိန်းမတ်နိုင်ငံတို့မှ ခေါင်းဆောင်များက ဒိန်းမတ်၊ ဂရင်းလန်းကျွန်းတို့နှင့် သက်ဆိုင်သောအရေးကိစ္စများကို ဒိန်းမတ်နှင့် ဂရင်းလန်းတို့ ကိုယ်တိုင်သာလျှင် ဆုံးဖြတ် ရမည်ဟု ဇန်နဝါရီလ ၆ ရက်က ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ပြောကြားခဲ့သည်။ အာတိတ်ဒေသ၏ လုံခြုံရေးမှာ ဥရောပအတွက် အဓိကဦးစားပေးအဖြစ် ဆက်ရှိနေသကဲ့သို့ နိုင်ငံတကာနှင့် အတ္တလန္တိတ်ဖြတ်ကျော် လုံခြုံရေးအတွက်လည်း အလွန်အရေးပါကြောင်း၊ အာတိတ်ဒေသမှာ အဓိကဦးစားပေး ဖြစ်ကာ ဥရောပမဟာမိတ်များသည်လည်း ယင်းဒေသ၌ တိုးမြှင့်အခြေချလျက်ရှိသည်ကို နေတိုးအဖွဲ့က ရှင်းရှင်း လင်းလင်း ပြောဆိုထားပြီးဖြစ်ကြောင်း ယင်းနိုင်ငံများ၏ ခေါင်းဆောင်များက အလေးထားပြောဆိုခဲ့ကြသည်။ ထရမ့် အနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ် တစ်ကျော့ပြန် တာဝန်ယူခဲ့ချိန်မှစ၍ ဂရင်းလန်းကျွန်းအား ထိန်းချုပ်ခြင်းမှ ရရှိလာမည့်အကျိုးစီးပွားများအကြောင်းကို ထပ်တလဲလဲ ပြောဆိုခဲ့သည့် အပြင် ထိုရည်မှန်းချက် ပြည့်မြောက်ရေးအတွက် စစ်ရေးအရ သို့မဟုတ် စီးပွားရေးအရ အင်အားသုံး လုပ်ဆောင်မည့် နည်းလမ်းကိုလည်း ပယ်ရှားမည်မဟုတ်ဟု ပြောဆိုခဲ့သည်။ (Repost from Xinhua Myanmar)