“ဗင်နီဇွဲလားအပေါ် အမေရိကန်၏ အရေးယူမှုများက ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေဟု ကုလသမဂ္ဂ သတိပေး”
07 Jan
ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်အရေးယူဆောင်ရွက်မှုများသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေပြီး ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ဇန်နဝါရီလ ၆ ရက်တွင်ပြောသည်။ အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများသည် ဗင်နီဇွဲလားနိုင်ငံရှိ သာမန် ပြည်သူ များအတွက် အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးရရှိမှုအပေါ် ပြင်းထန်စွာသက်ရောက်မှုရှိနေကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်သူများက ထောက်ပြသည်။ ယင်းကဲ့သို့ ပြင်ပမှဖိအားပေး၍ အစိုးရအဖွဲ့ကို အတင်းအဓမ္မပြောင်းလဲရန် ကြိုးပမ်းခြင်းသည် အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ်ပါ အခြေခံမူများကို ဆန့်ကျင် နေသည်ဟုဆိုသည်။ ထို့ပြင် အမေရိကန်၏လုပ်ရပ်များသည် အင်အားသုံးဖြေရှင်းသည့်လမ်းစဉ်ကို အားပေးရာရောက်နေပြီး နိုင်ငံ တကာဆက်ဆံရေးတွင် စံနမူနာဆိုးများဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ၏သတိပေးချက်တွင် ဖော်ပြထားသည်။ အလားတူ အမေရိကန်၏လုပ်ရပ်များကြောင့် ဒေသတွင်းတင်းမာမှုများ မြင့်တက်လာခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့်တည်ငြိမ်ရေးကိုပါ ထိခိုက်စေနိုင်သည်ဟု သုံးသပ်ထားသည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ရေးနှင့်စီးပွားရေး ဖိအားပေးမှုများအစား ငြိမ်းချမ်းသောတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့်သာ ပြဿနာများကို ဖြေရှင်းရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက တိုက်တွန်းထားကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။