“အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်"
06 Jan
မြောက်ကိုရီးယားတပ်မတော်က ဇန်နဝါရီလ ၄ ရက်တွင် ပြုလုပ်ခဲ့သော အသံထက်မြန်နှုန်းလွန် ဟိုက်ပါ ဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း RT သတင်း ဌာနက ဖော်ပြထားသည်။ စမ်းသပ်မှုအတွင်း အသုံးပြုခဲ့သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်သည် အသံမြန်နှုန်းထက် ငါးဆ ပိုသော ခရီးအကွာအဝေး မိုင် ၆၀၀ ကျော်ကို အမြန်နှုန်း၊ တစ်နည်းအားဖြင့် တစ်နာရီလျှင် မိုင် ၃,၈၅၀ အမြန်နှုန်းဖြင့် ပျံသန်းခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ၏ ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။ လက်ရှိပေါ်ပေါက်နေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် နိုင်ငံတကာပြဿနာများ၏အခြေအနေအရ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အားကိုးအားထားပြုနိုင်မည့် နျူကလီးယားလက်နက်အရံအတားစနစ်ကို ထိန်းထားနိုင်ရေးအတွက် မဟာဗျူဟာအရ အလွန်အရေးကြီးကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ပြောကြားထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်နိုင်ငံက တိုက်ခိုက်ခဲ့မှုကို ဝေဖန် ရှုတ်ချခဲ့ပြီးနောက် ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို နောက်ဆုံးတစ်ကြိမ်ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားအရံအတားစနစ်များထဲတွင် နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်စနစ်များလည်း ပါဝင်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။