“အိုင်အက်စ်များလက်နက်ဝှက်ထားသည့်နေရာဟုသံသယရှိသည့်နေရာဗြိတိန်နှင့်ပြင်သစ်တို့ဗုံးကြဲ တိုက်ခိုက်”
05 Jan
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ဗြိတိန်နှင့်ပြင်သစ်လေတပ်တို့သည် ဆီးရီးယားရှိ အိုင်အက်စ်အုပ်စုအသုံးပြုခဲ့သည့် လက်နက်သိုလှောင်ရေးမြေအောက်အဆောက်အအုံဟု သံသယရှိသောနေရာကို ဇန်နဝါရီလ ၃ ရက်တွင် ဗုံးကြဲတိုက်ခိုက်သည့် ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့သည်ဟု သိရသည်။ ဗြိတိန် တော်ဝင် လေတပ်မှလေယာဉ်သည် ပယ်မိုင်ရာမြို့နှင့်မိုင်ပေါင်းအနည်းငယ်အကွာရှိ တောင်တန်းနေရာတွင် မြေအောက် အဆောက်အအုံတစ်ခုကို ထောက်လှမ်းမိခဲ့သည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃ ရက် ညပိုင်း တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအဆောက်အအုံမှာ လက်နက်များနှင့်ပေါက်ကွဲစေတတ်သောပစ္စည်းများသိုလှောင်ရာနေရာ ဖြစ်နိုင် ခြေရှိသည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။ ဗြိတိန်လေတပ်သည် အဆိုပါစခန်းသို့ ဝင်ရောက်နိုင်သော ဥမင် လိုဏ်ခေါင်းများစွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ကနဦးအခြေအနေများအရ ပစ်မှတ်ကို အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့သည်ဟု ကြေညာချက်တွင်ပါဝင်သည်။ အဆိုပါမြေအောက်အဆောက်အအုံရှိရာ ပတ်ဝန်းကျင်ဒေသမှာ အရပ်သားများ သွားလာမှုလုံးဝမရှိသည့်နေရာဖြစ်ပြီး လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားများထိခိုက်မှု မရှိကြောင်း ကြေညာချက်တွင် ပါဝင်သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။