နယ်စပ်နယ်မြေများရှိ တပ်များကို ပြန်လည်ရုပ်သိမ်းရန် ကမ္ဘောဒီးယားအစိုးရက ထိုင်းကိုတောင်းဆို
04 Jan
ကမ္ဘောဒီးယားနယ်မြေများအတွင်း၌ ထိုင်းတပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းပေးရန် ကမ္ဘောဒီယားအစိုးရက ထိုင်းနိုင်ငံကို တောင်းဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ရက်၂၀ ကြာ နယ်စပ်ပဋိပက္ခများကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် အဆုံးသတ်ခဲ့ပြီး ရက်သတ္တပတ်အကြာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပါတောင်းဆိုချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း နယ်စပ်ပဋိပက္ခများကို အကြောင်းပြု၍ ရက် ၂၀ ကြာ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ သို့ရာတွင် ယင်းနယ်စပ်ပဋိပက္ခများကို ဒီဇင်ဘာလ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဖြင့် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ပြည်နယ်လေးခုတို့၏ နေရာအချို့ကို သိမ်းပိုက်ထားကြောင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူချိန်ကပင် ကမ္ဘောဒီးယားအစိုးရက ပြောကြားထားသည်။ နှစ်နိုင်ငံနယ်စပ်ချင်း မိုင် ၅၀၀ ကျော်ထိစပ်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ယခင်ကလည်း နယ်စပ် အငြင်းပွားမှုများကို အကြောင်းပြု၍ ပဋိပက္ခများဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။