အမေရိကန်အထူးတပ်ဖွဲ့က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို ကိုဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားပြီဟု ဒေါ်နယ်ထရမ့်‌ ပြော

04 Jan

အမေရိကန်အထူးတပ်ဖွဲ့သည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို ကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းကို နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇန်နဝါရီလ ၃ ရက်တွင် အတည်ပြု ပြောထားသည်။ “မာဒူရို ကိုဖမ်းမိပါပြီ။ သူ့ကိုနိုင်ငံပြင်ပကို ခေါ်ထုတ်သွားပါပြီ” ဟု ထရမ့် က ၎င်း၏ Truth Social လူမှု ကွန်ရက်တွင် ရေးသားထားသည်။ “သူ့ရဲ့ဇနီးနဲ့ တခြားအဓိက တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးထားပါတယ်။ သူတို့ဟာ အမေရိကန်ရဲ့ တရားဥပဒေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု ထရမ့် က ဖြည့်စွက်ရေးသားထားသည်။ အမေရိကန် အထူးတပ်ဖွဲ့ကြီးတစ်ခုဖြစ်သော Delta Force က အကြီးစားစစ်ဆင်ရေးတစ်ခုဆင်နွှဲကာ ကရာကတ်မြို့ရှိ သမ္မတနန်းတော်နှင့် မာဒူရို ခိုလှုံရာနေရာများကို အရုဏ်တက်အချိန်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အစိုးရသည် မာဒူရို ကို မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက် သည်ဟုဆိုကာ ဒေါ်လာသန်းချီဆုငွေထုတ်၍ နှစ်ပေါင်းများစွာကတည်းက အလိုရှိနေခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကလည်း “ဒီနေ့က ဗင်နီဇွဲလားပြည်သူတွေအတွက် လွတ်မြောက်တဲ့နေ့ပါပဲ။ မာဒူရို ဟာ အခုတော့ သူ့ရဲ့ရာဇဝတ်မှုတွေအတွက် တရားရင်ဆိုင်ရတော့မှာပါ”ဟု ထုတ်ပြန် ထားသည်။ အခြားတစ်ဖက်တွင်မူ ဗင်နီဇွဲလားအစိုးရအရာရှိများက အဆိုပါလုပ်ရပ်ကို “နိုင်ငံတကာဓားပြတိုက်မှု”နှင့် “ကျူးကျော် စော်ကားမှု”အဖြစ် သတ်မှတ်ကာ ရှုတ်ချထားသည်။ အလားတူ မာဒူရိုအပေါ်သစ္စာခံသည့် ဗင်နီဇွဲလား တပ်ဖွဲ့က တုံ့ပြန်မှုများပြုလုပ်နိုင်ခြေရှိသဖြင့် ဒေသတွင်းတင်းမာမှုများမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ လက်ရှိတွင် ကရာကတ်မြို့အတွင်း ပေါက်ကွဲမှုများဖြစ်ပွားနေသည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့ကလည်း အမေရိကန်အစိုးရ၏ ယခုလုပ်ရပ်ကို ချက်ချင်း ကန့်ကွက်ထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု သတိပေးထားသည်။ လက်ရှိအချိန်တွင် မာဒူရို ကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်နှင့် ပတ်သက်၍ အမေရိကန်ဘက်က တိကျစွာထုတ်ဖော်ပြောခြင်း မရှိသေးသော်လည်း ၎င်းကို ဖလော်ရီဒါပြည်နယ်ရှိ တရားရုံးတစ်ခုတွင် ရုံးထုတ်စစ်ဆေးနိုင်ခြေရှိကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။ ယခုအခါ မာဒူရို ကို အမေရိကန်စစ်သည်များက ဖမ်းဆီးထားသည့် ပထမဆုံးဓာတ်ပုံလည်း ထွက်ပေါ်လာပြီဖြစ်ကြောင်းသိရသည်။

04 Jan

ADVERTISE HERE .