နိုင်ငံတကာအသိအမှတ်ပြု တန်ဖိုးမြင့်ရေထွက်ကုန်များ နှစ်အလိုက် ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးကြိုးစား ဆောင်ရွက်ကြရန်တိုက်တွန်း
03 Jan
နိုင်ငံတကာအသိအမှတ်ပြု တန်ဖိုးမြင့်ရေထွက်ကုန်များကို နှစ်အလိုက် ပိုမိုတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ L&Z Marine Food Products Ltd. (အအေးခန်းစက်ရုံ)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။ စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးစဉ် စက်ရုံတာဝန်ရှိသူတစ်ဦးက တစ်နေ့လျှင် အအေးခဲထုတ်လုပ်နိုင်မှုပမာဏ ၂၅ တန်ရှိပြီး တန် ၁၅၀၀ ဆံ့ သိုလှောင်အအေးခန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ စက်ရုံမှ အရည်အသွေး မြင့်ထုတ်ကုန်များကို သန့်ရှင်းစွာထုတ်လုပ်နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် သင်တန်းများ တက်ရောက်စေခြင်း၊ ညွှန်ကြားထားသည့် စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကုန်ထုတ်လုပ်မှု၊ သိုလှောင်မှု၊ တင်ပို့မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး စက်ရုံအနေဖြင့် EU၊ Saudi နိုင်ငံတို့သို့ တင်ပို့နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိထားပြီဖြစ်၍ ရေချိုငါး၊ ရေငန်ငါးမျိုးများအား အများဆုံးတင်ပို့လျက်ရှိကြောင်းနှင့် နှစ်အလိုက်တင်ပို့မှု တန်ချိန်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတကာအသိအမှတ်ပြု တန်ဖိုးမြင့်ရေထွက်ကုန်များ နှစ်အလိုက် တန်ချိန် ပိုမိုတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယင်းသို့ လုပ်ငန်းဆောင်ရွက် ရာတွင်လည်း အခက်အခဲများ၊ လိုအပ်ချက်ရှိသည်များကို မိမိတို့ဌာနအနေဖြင့် တတ်စွမ်းသမျှ ဘက်စုံထောင့်စုံမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း ပြောကြားကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရပါတယ်။ ထို့နောက် CKFROZEN FOODS YANGON Co.,Ltd.၊ ADVANCED SEAFOOD INDUSTRIES Co.,Ltd. နှင့် သာကေတမြို့နယ်ရှိ MYANMAR GOLDEN PHOENIX INDUSTRIAL Co.,Ltd. သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။(NVS 004)