ယီမင်နိုင်ငံ အေဒင်နိုင်ငံတကာလေဆိပ်၌ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထား
03 Jan
ဆော်ဒီအာရေဗျနှင့် ယူအေအီး နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာမှုကြောင့် ယီမင်နိုင်ငံ၊ အေဒင် နိုင်ငံတကာလေဆိပ်၌ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထားကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။ အေဒင်နိုင်ငံတကာလေဆိပ်သည် ဟူသီသူပုန်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင်ရှိမနေသည့် ယီမင်နယ်မြေများ အတွက် ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ပေးထားသော အဓိက ဝင်ပေါက်ထွက်ပေါက်ဖြစ်သည်။ ယီမင်နိုင်ငံ၌ ဩဇာလွှမ်းမိုးနိုင်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည့် ဆော်ဒီအာရေဗျနှင့် ယူအေအီး နိုင်ငံတို့ကြား တင်းမာမှုများမြင့်တက်ချိန်တွင် အေဒင်နိုင်ငံတကာလေဆိပ်၌ ခရီးစဉ်များရပ်ဆိုင်းထားခြင်းဖြစ်သည်။ ယူအေအီးနိုင်ငံသည် ယီမင်နိုင်ငံတောင်ပိုင်းနေရာ အများအပြားကို ထိန်းချုပ်ထားကာ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီအမည်ရှိ ခွဲထွက်ရေးအုပ်စုကို ကျောထောက်နောက်ခံပေးထားပြီး ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရကို ကျောထောက်နောက်ခံ ပေးထားခြင်းဖြစ်သည်။ တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီအား ယူအေအီးနိုင်ငံက ထောက်ခံအားပေးနေမှုကို ဆော်ဒီအာရေဗျ တောင်ပိုင်းအတွက် ခြိမ်းခြောက်မှုအဖြစ် ဆော်ဒီအာရေဗျနိုင်ငံက သတ်မှတ်ထားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ယီမင်တောင်ပိုင်းနယ်မြေများကို တောင်ပိုင်းအသွင်ကူးပြောင်းရေး ကောင်စီ လက်အောက်ခံတပ်များက ထပ်မံထိန်းချုပ်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့ကြား ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။