ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ခုနှစ်မှစတင်ပြီး လူကျွံဘောစည်းမျဉ်းသစ်ကိုအသုံးပြုရန် အတည်ပြု
02 Jan
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ခုနှစ်မှစတင်ပြီး လူကျွံဘောသတ်မှတ်သည့် စည်းမျဉ်းကို အပြောင်းအလဲ လုပ်ဆောင်မည်ဖြစ်ပြီး အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး အဆိုပြု တင်သွင်းထားသည့် စည်းမျဉ်းသစ် ကို အသုံးပြုမယ်လို့ အတည်ပြုကြေညာခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိ ဘောလုံးလောကတွင် လူကျွံဘောစည်းမျဉ်းအဖြစ် ကစားသမားများက လက်ဖျား သို့မဟုတ် ခြေဖျား အနည်းငယ်ကျွံနေပါက လူကျွံဘောသတ်မှတ်သည့်စည်းမျဉ်းကို အသုံးပြုနေခြင်း ဖြစ်ပါတယ်။ လက်ရှိအသုံးပြု နေသည့် လူကျွံဘောသတ်မှတ်သည့်စည်းမျဉ်းက အငြင်းပွားဖွယ် ဖြစ်ရပ်အများအပြားနှင့်ကြုံတွေ့ခဲ့ရပြီး နောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စည်းမျဉ်းကိုပြောင်းလဲရန် ကြိုးပမ်းခဲ့ရာ လက်ရှိတွင် အာစင်ဝင်းဂါး အဆိုတင်သွင်းခဲ့တဲ့ လူကျွံဘောသတ်မှတ်သည့် စည်းမျဉ်းသစ်ကို ၂၀၂၆ ခုနှစ်မှစတင်ကာ ပြိုင်ပွဲများတွင် အသုံးပြုသွားမှာဖြစ်ပါတယ်။ အာစင်ဝင်းဂါး အဆိုတင်သွင်းထားသော လူကျွံဘောသတ်မှတ်သည့် စည်းမျဉ်းသစ်က ကစားသမားတစ်ဦး အနေဖြင့် ပြိုင်ဘက်အသင်းကစားသမား၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကျော်လွန်ရောက်ရှိနေမှသာ လူကျွံဘောအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး ဟာ ပရော်ဖက်ရှင်နယ်နည်းပြဘဝမှ အနားယူခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွင် ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲတာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။(NVS 008)