ပျဉ်းမနားမြို့ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်
02 Jan
နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက်တွင် ဒီဇင်ဘာလ ၃၁ ရက် ည ၇ နာရီခန့်က မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့ရသည့် ပြည်သူများအား ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း က တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံအားပေးစကားပြောကြားပြီး ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက မီးဘေးသင့်အိမ်ထောင်စု ၆၀၊ လူဦးရေ ၃၀၈ ဦးတို့အား ဆောင်းရာသီကာလ အေးချမ်းသောရာသီဖြစ်၍ ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ မီးဘေးသင့်ပြည်သူများ နွေးထွေးစွာအိပ်စက် နိုင်ရေးအတွက် မြေယာခင်းများ၊ စောင်များ အစရှိသည့် အိပ်ရာပစ္စည်းများကို စီစဉ်ပေးခဲ့ပါတယ်။ ယာယီစခန်း၌ နေထိုင်စဉ် နေ့စဉ်စားသောက်ရေးကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်ရှိသူများက စနစ်တကျစီစဉ်ပေးလျက် ရှိကြောင်းနှင့် မီးဘေးသင့်ပြည်သူများကလည်း နေထိုင်စားသောက်ရေး၊ သန့်ရှင်းသောအစားအစာနှင့် သောက်သုံးရေ စနစ်တကျသုံးစွဲရေးတို့အတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းလုပ်ဆောင်နေထိုင်နိုင်ရေးတို့ကို မှာကြားခဲ့ပါတယ်။ ဒါ့အပြင် မီးဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ထောက်ပံ့သော ဆန်ရိက္ခာဖိုး၊ အိမ်ပျက်စီးမှုထောက်ပံ့ကြေး၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ စုစုပေါင်းငွေကျပ် ၂၅၇ သိန်းခန့်တန်ဖိုးရှိ ငွေနှင့် ပစ္စည်းများကို အိမ်ထောင်စုအလိုက်၊ လူဦးရေအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။(NVS 004)