ယူကရိန်းစစ်မြေပြင်၌ ရုရှားတပ်များအောင်ပွဲခံမည်ဟု ယုံကြည်ကြောင်း နှစ်သစ်ကူးမိန့်ခွန်း၌ ရုရှားသမ္မတ ပူတင် ပြောကြား
02 Jan
ယူကရိန်းစစ်မြေပြင်၌ ရုရှားတပ်များ အောင်ပွဲခံမည်ဟု မိမိယုံကြည်ထားကြောင်း ရုရှားသမ္မတ ပူတင် က ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးမိန့်ခွန်း၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ယူကရိန်းစစ်မြေပြင်၌ ရုရှားတပ်များအနေဖြင့် ဖြည်းဖြည်းနှင့်မှန်မှန် စစ်ရေးအရ အသာစီးရယူနေကြောင်း ရုရှားသမ္မတ ပူတင် က ပြောကြားခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်များကို သူရဲကောင်းများအဖြစ် ဂုဏ်ပြုခဲ့သည်။ ထို့ပြင် ရုရှား၏ ကံကြမ္မာနှင့် ရုရှားပြည်သူတို့၏ သွေးစည်းညီညွတ်မှုသည် ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် လုံခြုံမှုတို့ကို အာမခံချက်ပေးထားကြောင်း ရုရှားသမ္မတ ပူတင် က နှစ်သစ်ကူးမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ ရုရှားသမ္မတ ပူတင် သည် လေးနှစ်နီးပါးကြာ ယူကရိန်းပဋိပက္ခကို ရုရှားနှင့် အနောက်အုပ်စုတို့ကြား အားပြိုင်မှုအဖြစ် မှတ်ယူထားသည်။ လက်ရှိတွင် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် အစိုးရက ကြားဝင်ကြိုးပမ်းလျက်ရှိသည်။ ရုရှားသမ္မတ ပူတင် ၏ ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးမိန့်ခွန်းကို ရုရှားနိုင်ငံ အရှေ့ဖျားဒေသတွင် ပထမဆုံး အကြိမ်အဖြစ် ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။