ကမ္ဘာတစ်ဝန်းရှိမြို့ကြီးများ၌ ၂ဝ၂၆ နှစ်သစ်ကို ကြိုဆို
02 Jan
ပဲရစ်၊ တိုကျို၊ ဆစ်ဒနီမြို့မှစ၍ နယူးယောက်မြို့ထိပါဝင်သည့် ကမ္ဘာတစ်ဝန်းမှ မြို့တော်ကြီးများ၌ ၂၀၂၆ ခုနှစ် နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သည် အစဉ်အလာအတိုင်း ၂၀၂၆ ခုနှစ် နှစ်သစ်ကို မီးရှူးမီးပန်းများ အဆန်းတကြယ်ပစ်ဖောက်၍ ကြိုဆိုခဲ့ကြသည်။ အလားတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အအေးဒဏ် လွန်စွာပြင်းထန်နေသော်လည်း ပြည်သူပေါင်း များစွာက တိုင်းမ်စကွဲရင်ပြင်၌ နှစ်သစ်ကိုကြိုဆိုခဲ့ကြသည်။ ထို့အတူ ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တို့တွင်လည်း ၂၀၂၆ ခုနှစ် နှစ်သစ်ကို အစဉ်အလာအတိုင်း ခေါင်းလောင်းများထိုး၍ ကြိုဆိုခဲ့ကြသည်။ တရုတ်နိုင်ငံ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်မူ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့် လူ ၁၆၁ ဦး သေဆုံးခဲ့သော အထပ်မြင့်လူနေအိမ်ရာ မီးလောင်မှုကြောင့် ၂၀၂၆ ခုနှစ် နှစ်သစ်ကို မီးရှူးမီးပန်းများဖြင့် ပစ်ဖောက်ကြိုဆိုမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ပေကျင်းမြို့ပြင်ရှိ မဟာတံတိုင်းကြီး၌ တရုတ်ပြည်သူများက ၂၀၂၆ နှစ်သစ်ကို ကြိုဆိုခဲ့ကြ ကြောင်းသိရသည်။