ဂျာမနီနိုင်ငံ၌ ဘဏ်တိုက်ဖောက်ထွင်းခံရပြီး အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် ဖောက်ထွင်းသမားများရယူ

01 Jan

ဂျာမနီနိုင်ငံအနောက်ပိုင်း ဂျယ်ဆန်ကာချန်မြို့၌ ဖောက်ထွင်းသမားများက ဘဏ်တိုက်တစ်ခုကို ဖောက်ထွင်း၍ အမေရိကန်ဒေါ်လာ ၃၅ သန်းတန်ဖိုးရှိ ငွေစက္ကူနှင့် ရတနာများကို ရယူသွားကြောင်း ဂျာမနီရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၃၀ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ဖောက်ထွင်းသမားများသည် ခရစ္စမတ်ကာလအားလပ်ရက်ကို အသုံးချ၍ စပါကတ်ဆေးအမည်ရှိ ဘဏ်တစ်ခုကို ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဂျာမနီရဲတပ်ဖွဲ့၏ အဆိုအရ ဖောက်ထွင်းသမားများသည် စပါကတ်ဆေးဘဏ်၏ ကွန်ကရစ်နံရံကိုဖောက်ထွင်း၍ ငွေတိုက်ထဲဝင်ရောက်ခဲ့ပြီး အာမခံသေတ္တာများကိုဖွင့်လှစ်၍ ငွေစက္ကူနှင့် အဖိုးတန်ရတနာများ ရယူသွားခြင်း ဖြစ်သည်။ စပါကတ်ဆေးဘဏ် ဖောက်ထွင်းခံရမှုကို ဂျာမနီရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်မှသာ သိရှိခဲ့ခြင်း ဖြစ်ကြောင်း ဂျာမနီပြည်တွင်း မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ အဆိုပါဖောက်ထွင်းသမားများသည် ခရစ္စမတ်အားလပ်ရက်ကာလအတွင်း ဂျာမနီနိုင်ငံ ပြည်တွင်းရှိ ဈေးဆိုင်နှင့် ဘဏ်အများစု ပိတ်ထားချိန်ကိုအသုံးချ၍ စပါကတ်ဆေးဘဏ်ကို ဖောက်ထွင်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စပါကတ်ဆေးဘဏ်ကို ဖောက်ထွင်းခဲ့သူများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

01 Jan

ADVERTISE HERE .