ထိုင်းနိုင်ငံ၌ ၁၅၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၈ ဦး ပြန်လည် လွတ်မြောက်

01 Jan

ဒီဇင်ဘာလ ၂၇ ရက်တွင် ရယူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ထိုင်းနိုင်ငံ၌ ဖမ်းဆီး ထိန်းသိမ်းခံထားသည့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၈ ဦးကို ထိုင်းအစိုးရက ပြန်လွှတ်ပေးခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ရက်၂၀ ကြာ နယ်စပ်ပဋိပက္ခများကို အဆုံးသတ်ရေးအတွက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ရယူထားသည့် သဘောတူညီချက်အရ ယခုနှစ် ဇူလိုင်လမှစ၍ ထိုင်းနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော အဆိုပါ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံက သဘောတူထားသည်။ ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၈ ဦးကို နှစ်နိုင်ငံ နယ်စပ်ဂိတ်၌ ကမ္ဘောဒီးယားတာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ထားသည်။ ရက်ပေါင်း ၁၅၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အဆိုပါ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၈ ဦးကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေများနှင့်အညီ ဆက်ဆံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၇ ရက်တွင် စတင်ခဲ့သည့် ရက် ၂၀ ကြာ နယ်စပ်ပဋိပက္ခများအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်ဖက်ပြည်သူ ၁၀၁ ဦးသေဆုံးခဲ့ပြီး ဦးရေငါးသိန်းကျော် အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် နယ်စပ်အငြင်းပွားမှုများကို အကြောင်းပြု၍ ယခုနှစ်ဇူလိုင်လကလည်း ငါးရက်ကြာ နယ်စပ်ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

01 Jan

ADVERTISE HERE .