အစိုးရအဖွဲ့တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးဆုံးသည်အထိ ပူးပေါင်းပါဝင်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တိုက်တွန်း
01 Jan
အစိုးရအဖွဲ့တာဝန်ရှိသူများအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃) အောင်မြင်စွာကျင်းပ ပြီးဆုံးသည်အထိ ကဏ္ဍအသီးသီးမှပူးပေါင်းပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲပိုင်းမှာကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး(၆/၂၀၂၅)၌ အမှာစကားပြောကြားစဉ် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)အား ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ်(၁၀၂)မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ရာ နိုင်ငံတော်၏လုပ်ဆောင်ချက်များ အပေါ်ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ နိုင်ငံ တကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများမှလည်း သက်ဆိုင်ရာ မဲရုံများသို့သွားရောက်၍ စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ကြပြီး လုပ်ငန်းစဉ်များအားလုံးတွင် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်အဝဖြင့် အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့သည်ဟု မှတ်ချက်များပေးခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)တို့ကိုလည်း အောင်မြင်စွာ ကျင်းပပြီးဆုံးသည်အထိ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်၍ ကဏ္ဍအသီးသီးမှ ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။(NVS 004)