မြန်မာ့ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအား မြှင့်တင်ဆောင်ရွက်လျက်ရှိ
31 Dec
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား အား လက်ခံတွေ့ဆုံ၍ မြန်မာ့ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၌ မြှင့်တင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)၌ တွေ့ဆုံစဉ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီအနည်ကျချိုင့်ဝှမ်း၊ မုတ္တမအနည်ကျချိုင့်ဝှမ်းတို့နှင့် ဆက်စပ်လျက်ရှိသည့် မြန်မာ့ကမ်းလွန်ဒေသများတွင် နည်းပညာတိုးတက်လာသည်နှင့်အညီ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ခိုအောင်းနေမှုများကို ပိုမိုတိကျစွာ ရှာဖွေတွေ့ရှိလာမှုကြောင့် ယင်းဒေသများတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုများ တိုးမြှင့်ပြုလုပ်လျက်ရှိကြောင်း၊ ယခုအခါ Andaman ကျွန်းအနီးတစ်ဝိုက်တွင်လည်း အိန္ဒိယနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင် များအကြား သဘောတူညီထားသည့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး အချိန်အခါကောင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် မြန်မာ့ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့်အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေကြောင်း၊ မိမိတို့နိုင်ငံအပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း သဘာဝဓာတ်ငွေ့လိုအပ်ချက်များ မြင့်တက်နေသည့် အတွက် မြန်မာ့ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး နည်းပညာနှင့် အရင်းအနှီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သက်တမ်းရင့် ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် နည်းပညာအသုံးပြု၍ ထုတ်လုပ်မှု မြှင့်တင်ရေး၊ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှရရှိမည့် ရေနံစိမ်းကိုရယူပြီး ရေနံချက်စက်ရုံအသစ် ပူးပေါင်း တည်ဆောက်မည့်စီမံကိန်း၊ ရေနံချက်စက်ရုံများ၊ ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြောင်း သိရပါတယ်။(NVS 004)