“ရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲဆွယ်စည်းရုံးခြင်းကို ဇန်နဝါရီလ ၁၂ ရက်မှစတင်ဆောင်ရွက်နိုင်ကြောင်း UEC ထုတ်ပြန်”

31 Dec

လွတ်လပ်၍ တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)မှာ ပါဝင်တဲ့ မြို့နယ် ၆၃ မြို့နယ်တို့မှာ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ဇန်နဝါရီလ ၁၂ ရက်မှစတင်ကာ ဆောင်ရွက်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုဆောင်ရွက်ခွင့်ပြုခဲ့ပေမယ့် ဇန်နဝါရီလ ၂၃ ရက်ည ၁၂ နာရီမှ ဇန်နဝါရီလ ၂၅ ရက် ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြီးချိန်အထိ ရပ်နားထားရမည်ဖြစ်ကာ မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ၊ ပိုစတာများကိုလည်း ဇန်နဝါရီလ ၂၃ ရက်ည ၁၂ နာရီနောက်ဆုံးထား၍ ဖြုတ်သိမ်းရမှာဖြစ်ကြောင်း အသိပေးထားရှိပါတယ်။ ဒါ့အပြင် မဲဆွယ်စည်းရုံးခွင့် သတ်မှတ်ကာလအတွင်း လက်ကမ်းစာစောင်များ ရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ၊ ဗွီနိုင်းပိုစတာများ စိုက်ထူချိတ်ဆွဲခြင်း၊ ဟောပြောခွင့်နှင့် မီဒီယာများမှ မဲဆွယ်စည်းရုံးခွင့် တို့ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၀-က နှင့် နည်းဥပဒေအခန်း(၁၀)ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရမယ်လို့ အသိပေးခဲ့ပါတယ်။ ထို့အတူ ရွေးကောက်ပွဲအပိုင်း(၁)နှင့် (၂)မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို မဲဆွယ်စည်းရုံးခွင့်ပြုထားတဲ့ နောက်ဆုံးရက်တွင် ဖြုတ်သိမ်းရမည်ဖြစ်ကာ ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ် ကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ(သို့) မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ၊ ပိုစတာများအား ဖြုတ်သိမ်းသွားမှာဖြစ်ပါတယ်။ ဖြုတ်သိမ်းပေးမှုများအတွက် ကုန်ကျစရိတ်ကျသင့်ငွေကို သက်ဆိုင်ရာနိုင်ငံရေးပါတီ(သို့) လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပေးချေရမယ်လို့ UEC က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ (NVS 004)

31 Dec

ADVERTISE HERE .