“တရုတ်နိုင်ငံ၌ ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား နယ်စပ်အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေရေးလုပ်ဆောင် ရန် ညှိနှိုင်းသဘောတူ”
30 Dec
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြုလုပ်သော တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား သုံးနိုင်ငံဆွေးနွေးပွဲ၌ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်ဒေသအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပိုမိုခိုင်မာစေရေး လုပ်ဆောင်သွားရန်သဘောတူခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် တို့နှင့်တွေ့ဆုံ၍ နယ်စပ်တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေး အလေးထားဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသည် ဒီဇင်ဘာလ ၂၇ ရက်တွင် နယ်စပ်၌ နှစ်နိုင်ငံတာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုရရှိထားသော အပစ်အခတ်ရပ်စဲရေးသည် ရခဲလှသော အခွင့် အရေးဖြစ်လို့ ၎င်းကို အဆုံးထိဆုပ်ကိုင်ထားရန် တိုက်တွန်းထားသည်။ နှစ်နိုင်ငံနယ်စပ်တိုက်ပွဲများ ပြင်းထန်မှု ကြောင့် လူပေါင်း ၁ဝဝ ကျော်သေဆုံးပြီး ဒေသခံပြည်သူငါးသိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးရသည့်အတွက် ဒေသတွင်းတည်ငြိမ်ရေးသည် အလွန်အရေးကြီးသော အချက်တစ်ရပ်ပင်ဖြစ်သည်။ ရရှိထားသော သဘော တူညီချက်အရ နှစ်နိုင်ငံစလုံးသည် တပ်ဖွဲ့ဝင်များကို လက်ရှိနေရာများ၌ပင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။