“ရန်ကုန်မြို့မှာ ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း (၃) အတွက် မဲရုံစုစုပေါင်းစာရင်းများ ထုတ်ပြန်”
30 Dec
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ ရန်ကုန်တိုင်းဒေသကြီးမှာ မဲရုံ ၁,၁၇၁ ရုံ နှင့် အပိုင်း(၃)၌ မဲရုံ ၁,၃၀၀ ရုံတို့ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနမှ သိရပါတယ်။ ဇန်နဝါရီလ ၁၁ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း(၂)ကို ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်တို့မှာ မဲရုံ ၁,၁၇၁ ရုံဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ ဇန်နဝါရီ ၂၅ ရက်တွင် အပိုင်း(၃)ကို ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)နှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တို့တွင် မဲရုံ ၁,၃၀၀ ဖြင့် ဖွင့်လှစ်ကျင်းပသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံမြို့နယ်တို့တွင် မဲရုံ ၁,၃၁၃ ရုံ ဖွင့်လှစ်ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာများက သတင်းရယူခဲ့ပြီး ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်း စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာ မဲရုံပေါင်း ၃,၇၈၄ ရုံ ဖွင့်လှစ်ထားကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄,၉၃၈,၈၂၃ ဦးရှိပြီး နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)