“မြန်မာနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်သွားရန်အတွက် ဖိတ်ခေါ်ခဲ့”
30 Dec
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပတဲ့ မြန်မာ-တရုတ် ကျောက်မျက်ကုန်သည်များ၏ (၁၉) ကြိမ်မြောက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး မိတ်ဆုံစားပွဲအခမ်းအနားကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်သွားရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် သံအမတ်ကြီးက မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးက (၇၅)နှစ်ပြည့်ပြီးဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းမှာ နယ်စပ်ဒေသနေပြည်သူအချင်းချင်းဆက်ဆံရေးမှာ နှစ်ပေါင်းရာထောင်ချီပင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းစေရန် နယ်စပ်ဒေသနေပြည်သူများ၏ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ လွန်စွာအရေးကြီးပါကြောင်း၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ ဆက်ဆံရေးတည်ဆောက်ရာမှာ ပြည်သူများအကြား အပြန်အလှန်ကူညီဖေးမရင်း နေထိုင်သွား ကြရန် ဒေသခံပြည်သူများကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ယခုအချိန်ဟာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံးအချိန်ကာလ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်သွားကြရန် မြန်မာ နိုင်ငံအစိုးရကိုယ်စား မိမိအနေနဲ့ဖိတ်ကြားလိုကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ တဲဟုန်ပြည်နယ် နှင့် ရွှေလီမြို့မှ အစိုးရတာဝန်ရှိသူများနှင့် ရွှေလီမြို့ရှိ မြန်မာ-တရုတ် ကျောက်မျက်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုစုပေါင်း ၂,၅၀၀ ဦးခန့် တက်ရောက်ခဲ့ပါတယ်။ (NVS 004)