“ပုဂံယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဧည့်သည် ၂ သိန်းကျော်ဝင်ရောက်ခဲ့”
30 Dec
မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများသို့ ခရစ္စမတ်ရုံးပိတ်ရက်များအတွင်း ခရီးသွားဧည့်သည် ၂ သိန်းကျော် လာရောက်လည်ပတ် ခဲ့ခြင်းကြောင့် ခရီးသွားဝင်ရောက်မှုများပြားခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရပါတယ်။ ပုဂံယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ရှေးဟောင်းအဆောက်အအုံ များ၏ ဗိသုကာလက်ရာ လေ့လာသူကျောင်းသား/သူများ၊ ဘုရားဖူးရင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးသူများ၊ ဗီဒီယို ရိုက်ကူးလိုသူများနှင့် E-Bike ငှားရမ်း၍ ရှေးဟောင်းဘုရားများ လှည့်လည်ဖူးမြော်ကြသူများဖြင့် နေရာတိုင်းမှာ စည်ကားများပြားခဲ့ပါတယ်။ အဆိုပါနယ်မြေအတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ လိုင်စင်ရှိ ဟိုတယ်နှင့် မိုတယ် ၉၅ လုံး၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လိုင်စင်ရှိတည်းခိုရိပ်သာ ၃၃ လုံးဖွင့်လှစ်ထားရှိပါတယ်။ ခရီးသွားဧည့်သည်များ တည်းခိုမှုများပြားခဲ့ပြီး နေ့ချင်းပြန်ခရီးနဲ့ လာရောက်လည်ပတ် ကြသူများရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)၏ စာရင်းများအရ သိရပါတယ်။ ဒါကြောင့် ခရီးသွားလည်ပတ်မှု များပြားတဲ့အတွက် ဒေသခံများ၏ မြင်းလှည်းအငှားလိုက်လုပ်ငန်းများ၊ E-Bike ငှားရမ်းမှု လုပ်ငန်းများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဧည့်ကားအငှားလိုက်သူများ၊ လက်အလှပန်းချီရေးဆွဲသူများ၊ စားသောက်ဆိုင်များအနေနဲ့လည်း လုပ်ငန်းလည်ပတ်မှုများ ကောင်းမွန်ခဲ့တယ်လို့ သိရပါတယ်။ (NVS 004)