“ရုရှားသမ္မတ ပူတင် က နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ ကို နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်ချီးမြှင့်”

29 Dec

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ အား သမ္မတ ဗလာဒီမာပူတင် က ကရင်မလင်နန်းတော်၌ "Order of Merit for the Fatherland, IV degree" ဖြစ်သည့် နိုင်ငံတော်အဆင့်ဘွဲ့ တံဆိပ်ကို တရားဝင်ချီးမြှင့်လိုက်ကြောင်း သိရသည်။ သမ္မတ ဗလာဒီမာပူတင် သည် ဒီဇင်ဘာလ ၂၄ ရက်တွင် ဤဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ၎င်း၏ထူးကဲသော စွမ်းဆောင်ရည်များနှင့် နိုင်ငံတော် အကျိုးကို ရှေ့တန်းမှကာကွယ်ပေးနေသည့် ကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ကရင်မလင် နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မာရီယာဇာခါရိုဗာ သည် ၂၀၁၅ ခုနှစ်မှစတင်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပထမဆုံးပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးအဖြစ် တာဝန်ယူခဲ့ပြီး အနောက်အုပ်စုနှင့် သံတမန်ရေးရာတိုက်ပွဲများအတွင်း ၎င်း၏ ပြတ်သားထက်မြက်သည့် တုံ့ပြန်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ထင်ရှားကျော်ကြားလာသူဖြစ်သည်။ ၎င်းသည် သံတမန်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး MGIMO တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူဖြစ်သည်။ သတင်းစာရှင်းလင်းပွဲများ တွင် အနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို အချက်အလက်ခိုင်ခိုင်မာမာဖြင့် တုံ့ပြန်တတ်သည့် ၎င်း၏ပုံစံသည် ခေတ်သစ်ရုရှားသံတမန်များအတွက် ပြယုဂ်တစ်ခုဖြစ်လာကြောင်း သိရသည်ဟု Tass သတင်းဌာနဖော်ပြချက်အရ သိရသည်။

29 Dec

ADVERTISE HERE .