“ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရို က အမေရိကန်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိ”
29 Dec
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရို က အမေရိကန်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံအပေါ် ဝင်ရောက် စွက်ဖက်ခြင်းမရှိပါက အပြန်အလှန်လေးစားမှုကို အခြေခံ၍ အမေရိကန်သမ္မတ ထရမ့် နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ဒီဇင်ဘာလ ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်နှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သာယာဝပြောရေးလမ်းကြောင်းကို ရှာဖွေရန်ဆန္ဒရှိကြောင်း သမ္မတ မာဒူရို က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံအတွင်း၌ မတည်မငြိမ်ဖြစ်စေသော ကြိုးပမ်းမှုများနှင့် အစိုးရကိုဖြုတ်ချရန် အမေရိကန်၏ ကြိုးပမ်းမှုများကိုလည်း သမ္မတမာဒူရို က ဝေဖန်ခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံ၏ အခြေအနေမှန်နှင့်ပတ်သက်သည့် သတင်းများဖော်ပြရန် အမေရိကန်မီဒီယာများကို သမ္မတ မာဒူရို က တောင်းဆိုခဲ့သည်။ အမေရိကန်သည် မူးယစ်ဆေးဝါးအကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဗင်နီဇွဲလားအနီးရှိ ကာရေဘီယံရေပြင်တွင် အကြီးစားလေကြောင်းနှင့် ရေတပ်တပ်ဖွဲ့ များကို လအတော်ကြာ တပ်ဖြန့်ချထားသည်။ ကာရေဘီယံနှင့် ပစိဖိတ်အရှေ့ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် များက မူးယစ်ဆေးဝါးကုန်ကူးသည့်သင်္ဘော ၃၀ ခန့်ကို တိုက်ခိုက်နစ်မြုပ်စေခဲ့ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံး ခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။