“သထုံမြို့လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးမှာ (၃၄)ကြိမ်မြောက် ပဋ္ဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလ သုတ်တော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ”

29 Dec

မွန်ပြည်နယ်၊ သထုံမြို့ရှိ လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးမှာ ဩဝါဒါစရိယ ဆရာတော်ကြီးများ ဦးစီး၍ (၃၄)ကြိမ်မြောက်ပဋ္ဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလသုတ်‌တော် ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်မှာ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သထုံမြို့ ညောင်လေးပင်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအရှင်ပညာ ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါး သီလခံယူဆောက်တည် ကြပါတယ်။ ရွှေစာရံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပဋ္ဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလ သုတ်တော်ပူ‌ဇော်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍လျှောက်ထားပြီး သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက အလှူငွေများပေးအပ်လှူဒါန်းရာ စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါတယ်။ ဆက်လက်၍ ကြွရောက်တော်မူလာကြတဲ့ သံဃာတော်များဦးဆောင်၍ ပဋ္ဌာန်းဒေသနာတော်ကို သံပြိုင် ရွတ်ဖတ်သရဇ္ဈာယ်ကြပြီးနောက် အလှည့်ကျသံဃာတော်များက ပဋ္ဌာန်းဒေသနာတော်ကြီးကို စတင်ရွတ်ဖတ် ပူဇော်ခဲ့ကြပါတယ်။ ပဋ္ဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲမှာ သထုံမြို့နယ်အတွင်းရှိ သံဃာတော် ၂၆ ပါး တို့က ဒီဇင်ဘာလ ၂၇ ရက်မှစ၍ငါးရက်ကြာ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

29 Dec

ADVERTISE HERE .