“ပြည်တွင်း စားသုံးဆီလိုအပ်ချက် ဖြည့်တင်းနိုင်ရန် ကော့သောင်းဒေသတွင် ဆီအုန်းစိုက်ဧက ၁၀၀ စိုက်ပျိုးမည်”
29 Dec
ပြည်တွင်း၌ စားသုံးဆီလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်နှင့် ပြည်ပမှ ဝယ်ယူတင်သွင်းနေရတဲ့ စားသုံးဆီ ပမာဏကို အထိုက်အလျောက်လျှော့ချနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ရေတံခွန်ခြံနှင့် မလိဝမ်းခြံတို့တွင် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆီအုန်းစိုက်ဧက ၁၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ဆီအုန်းသီးနှံပင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနပိုင် ခြံများအတွင်း ဧရိယာ ၂၈၇ ဒသမ ၆၅ ဧကတွင် သုတေသနလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာမှာ ဌာနပိုင်ခြံများမှ စိုက်ပျိုးသည့် ဆီအုန်းသီးနှံဧရိယာမှာ ၁၀,၀၆၉ ဒသမ ၈၆ ဧက ရှိခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ စိုက်ပျိုးဧရိယာမှာ ၃၈၅,၉၂၁ ဒသမ ၁၄ ဧက ရှိကာ ဆီချောတန်ချိန်ပမာဏ ၃၇,၄၁၆ ဒသမ ၇၆ တန် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆီအုန်းသီးနှံမှ သီးခြားထွက်ကုန်အဖြစ် ဆပ်ပြာကုန်ကြမ်းဆီ ၁၀,၆၆၂ ဒသမ ၀၉ တန်ကိုလည်း ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။ ဆီအုန်းသီးနှံမှာ နှစ်ရှည်စိုက်ပျိုးရသည့် သီးနှံပင်အမျိုးအစားဖြစ်ကာ အပင်သက်တမ်း ၅ နှစ်ပြည့်ချိန်မှ စတင်ကာ စီးပွားဖြစ်ခူးဆွတ်၍ ဆီထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ နှစ်စဉ်ထွက်ရှိချိန်မှာ မေလနှင့် ဇွန်လတို့တွင် ဆီအုန်း သီးနှံအများဆုံးထွက်ရှိပြီး ဆီအုန်းသီးနှံကို ပြည်တွင်း၌ တနင်္သာရီတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)