“စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာသို့ ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူ များက သောင်းသောင်းဖြဖြကြိုဆို”
29 Dec
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားတဲ့ စဉ့်ကူးမြို့ကို တပ်မတော် စစ်ကြောင်းများက ဒီဇင်ဘာလ ၁၉ ရက်မှာ အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ တပ်မတော်စစ်ကြောင်းများက အဆိုပါစဉ့်ကူးမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်း နေထိုင်မှု မရှိစေရေးအတွက် လိုအပ်တဲ့နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာသို့ ရောက်ရှိခဲ့ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများ၊ ပန်းကုံး များနဲ့ သောင်းသောင်းဖြဖြဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။ အဆိုပါဒေသအတွင်း အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ လူမှုစီးပွားဘဝများအဘက်ဘက်မှ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်ရှိခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့များက ပြည်သူလူထုအပေါ် အကြောင်းမဲ့ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ မြို့ရွာများကိုဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် အကြမ်းဖက်သမားများကို လက်မခံနိုင်တဲ့ ဒေသခံပြည်သူများက တပ်မတော်အပေါ်ယုံကြည်အားပေး ထောက်ခံမှုများ ပြုလုပ်လာခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့လည်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် နယ်မြေတည်ငြိမ် အေးချမ်းရေးကို အမြန်ဆုံးရရှိအောင် လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)