“၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနေမှုကို နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လှည့်လည်ကြည့်ရှု”

29 Dec

“အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်နှင့်အညီ ကျင်းပလျက်ရှိတဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနေမှုကို နိုင်ငံတကာနှင့် ပြည်တွင်း အခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက နေပြည်တော်ကောင်စီနယ်မြေရှိ မဲရုံများသို့သွားရောက်၍ မဲရုံမှူးများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေး လေ့လာစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်း တို့ ဦးဆောင်၍ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း အဖွဲ့များခွဲ၍ ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ ထိုကဲ့သို့ စောင့်ကြည့်လေ့လာစဉ်အတွင်း မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု၍ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒပြု မဲပေးရွေးချယ်နေမှု၊ နိုင်ငံတကာရွေးကောက်ပွဲ ဆိုင်ရာစံနှုန်းများ၊ အလေ့အကျင့်ကောင်းများနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှုကို လေ့လာစောင့်ကြည့်ကြပြီး မဲရုံမှူးများ၊ ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များနှင့် တွေ့ဆုံကာ ၎င်းတို့သိရှိလိုတာများကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲများဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အားပေးထောက်ခံမှုကို ဖော်ပြသည့်အနေဖြင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူပေါင်း ၁၆၂ ဦးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်ကျင်းပနေမှုများကို ပါဝင်စောင့်ကြည့်လေ့လာကြမှာ ဖြစ်ပါတယ်။ ယခု ကျင်းပလျက်ရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း ၂၄ ဒသမ ၂၆ သန်းကျော်ရှိပြီး မဲဆန္ဒနယ် ၆၉၂ နယ်၌ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ယှဉ်ပြိုင် မည့်ပါတီ ခြောက်ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့်ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၄,၈၆၃ ဦးက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

29 Dec

ADVERTISE HERE .