မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါပိုးတစ်မျိုးဖြစ်သည့် Subclade K ကို တွေ့ရှိခြင်း မရှိသေး

28 Dec

လတ်တလောတွင် ကမ္ဘာ့မီဒီယာများ၌ဖော်ပြနေသည့် နိုင်ငံအချို့၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေး ရောဂါပိုး Influenza A H3N2 က ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကို မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး က ပြောကြားခဲ့ပါတယ်။ နေပြည်တော် တုံဂပူရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော တုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ပိုမိုအားဖြည့်‌ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ သို့ရာတွင် လူထုအတွင်း ရောဂါပိုးကိုကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေရမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါကာကွယ်ဆေးများနှင့် ကုသသည့်ဆေးဝါးများဖြင့်လည်း ကာကွယ် ကုသနိုင်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန်မလိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ ထို့အတူ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားလာပါက ပြည်သူ့ဆေးရုံများတွင် တုပ်ကွေးရောဂါကုသဆေးများဖြင့် ကုသပေးနိုင်ရေးနှင့် အထူးကြပ်မတ် ကုသပေးနိုင်ရေးတို့ကို အသင့်ပြင်ဆင်ထားရှိကြောင်း သိရပါတယ်။ (NVS 004)

28 Dec

ADVERTISE HERE .