နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ရွေးကောက်ပွဲဆိုင်ရာရှင်းလင်းဆွေးနွေး
28 Dec
ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ လာရောက် လေ့လာကြသည့် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်တွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် နေမှုအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ပြသရာရောက်ပါကြောင်း၊ ယခုရွေးကောက်ပွဲသည် မိမိတို့နိုင်ငံ သမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ရွေးကောက်ပွဲစနစ်၊ မဲပေးရမည့် ပုံစံနှင့် အပိုင်းလိုက်ရွေးကောက်ပွဲ ပြုလုပ်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မဲစာရင်းပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်းဆောင်ရွက်ရာတွင် ကွန်ပျူတာ နည်းပညာကို အသုံးပြုပြီး မဲစာရင်းများ ထပ်ခြင်း၊ မှားယွင်းခြင်းမရှိစေရန် ဆောင်ရွက်ခဲ့မှု၊ ပြည်သူအားလုံး ပါဝင်မှုရှိစေရန်နှင့် မဲဆန္ဒရှင်လူငယ်များ၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် မသန်စွမ်းသူများအားလုံး ပါဝင်စေရန် အသိပညာပေးဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၄၈၃၆ ဦးတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံးကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲဆွယ်စည်းရုံးခွင့်များကို တန်းတူညီမျှ ခွင့်ပြုပေးခဲ့မှု၊ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၂၁,၅၁၇ ရုံရှိပြီး မဲရုံတစ်ရုံစီတွင် စနစ်တကျလေ့ကျင့်ထားသည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို တာဝန်ပေးဆောင်ရွက် ထားရှိမှုများကို ပြောကြားခဲ့ပါတယ်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက တက်ရောက်လာကြသူများကို မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုပုံကို လက်တွေ့ရှင်းလင်းပြသခဲ့ကြောင်း သိရပါတယ်။(NVS 004)