ရွေးကောက်ပွဲကျင်းပခြင်းမရှိသည့် မဲဆန္ဒနယ်များကို UEC ထုတ်ပြန်ကြေညာ
28 Dec
ရွေးကောက်ပွဲများ ကျင်းပခြင်းမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ်များစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (စ)အရ ဒီဇင်ဘာလ ၂၇ ရက်တွင် ကြေညာချက်အမှတ်(၁၇၁/၂၀၂၅)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၉)နယ်များဖြစ်သည့် ချင်းပြည်နယ်မှ မြို့နယ်(၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ်(၂)ခု၊ ရခိုင်ပြည်နယ်မှ မြို့နယ်(၄)ခုတို့ပါဝင်ခဲ့ပြီး အမျိုးသားလွှတ်တော် မဲအများဆုံး ရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ်(၂)နယ်ဖြစ်သည့် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၃) ဖြစ်သည့် ဖလမ်းခရိုင်တစ်ခုလုံး၊ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၆)ဖြစ်သည့် အမ်းခရိုင် တစ်ခုလုံးတို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထို့အတူ တိုင်းဒေသကြီးလွှတ်တော်(သို့) ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၉)နယ်ဖြစ်သည့် ချင်းပြည်နယ်လွှတ်တော်အတွက် တွန်းဇံ၊ ဖလမ်းနှင့် ထန်တလန်မြို့နယ်(၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် ကောလင်းနှင့် ဗန်းမောက် မြို့နယ်(၂)ခု၊ ရခိုင်ပြည်နယ်လွှတ်တော် အတွက်အမ်း၊ သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့နယ်(၄)ခုတို့တွင် ရွေးကောက်ပွဲများကျင်းပမည်မဟုတ်ကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၅ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ် ၂၅၇ နယ်၊ တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။ (NVS 004)