ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး
28 Dec
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ဒေသတင်းမာမှုများကို လျှော့ချရန် ဒီဇင်ဘာလ ၂၇ ရက် မွန်းတည့် ၁၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်သည် ဒုတိယအကြိမ်သဘောတူညီချက်ဖြစ်သည်။ ထိုင်းနိုင်ငံ၊ ချန်သာဘူရီခရိုင်၌ကျင်းပသည့် တတိယအကြိမ် အထူးအထွေထွေ နယ်စပ်ရေးရာကော်မတီ အစည်းအဝေးတွင် ထိုင်းကာကွယ်ရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်တို့ တွေ့ဆုံကာ ထိုပူးတွဲ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်အရ နှစ်ဖက်တပ်ဖွဲ့များသည် လက်ရှိ တပ်စွဲထားသည့် နေရာများတွင်သာ ဆက်ရှိနေရမည်ဖြစ်ပြီး တပ်ရွှေ့ပြောင်းခြင်း၊ တစ်ဖက်တပ်များရှိရာသို့ ကင်းလှည့်ခြင်းများမပြုလုပ်ရန် ကတိပြုထားသည်။ ထိုင်းကာကွယ်ရေးဝန်ကြီးက မြေပြင်တွင် တိုက်ခိုက်မှုများ အမှန်တကယ်ရပ်တန့်ခြင်းရှိ၊မရှိကို ၇၂ နာရီကြာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ အခြေအနေများတည်ငြိမ်သွားပါက နေရပ်စွန့်ခွာနေရသည့် အရပ်သားများကို နေရပ်ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထားသည့် ကမ္ဘောဒီးယားစစ်သည် ၁၈ ဦးကိုလည်း နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောထားသည်ဟုသိရသည်။