ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ရန်ကုန်မြို့သို့ရောက်ရှိ
27 Dec
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံများဖြစ်သည့် ရုရှား၊ တရုတ်၊ အိန္ဒိယ နိုင်ငံတို့မှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ဒီဇင်ဘာလ ၂၆ ရက်တွင် စောင့်ကြည့်လေ့လာရေး ရောက်ရှိခဲ့သည့်နိုင်ငံများမှာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ်နိုင်ငံများဖြစ်ပြီး ရွေးကောက်ပွဲတွင် သတင်းရယူရန်အတွက် ဒီဇင်ဘာလ ၁၂ ရက်အထိ လျှောက်ထားခဲ့သည့် နိုင်ငံတကာ သတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။ ဒါ့အပြင် နိုင်ငံအသီးသီးရှိ သံရုံး ၅၀ ရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်လည်ပေးပို့ခဲ့သည့် နိုင်ငံပြင်ပ ကြိုတင်မဲများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများရှေ့မှောက်၌ ဒီဇင်ဘာလ ၂၅ ရက်တွင် ရေတွက်ခဲ့ပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)