ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် တပ်ဆင်လှူဒါန်း
26 Dec
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် တပ်ဆင်လှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms.Ma Jia နှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစနစ် အောင်မြင်စွာလွှဲပြောင်းအပ်နှင်းနိုင်ခြင်းသည် တက္ကသိုလ်ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ပိုမိုကောင်းမွန်သော သင်ကြားရေးနှင့် သုတေသနပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရုံသာကမ တရုတ်-မြန်မာ စိမ်းလန်းသောစွမ်းအင်နှင့် စိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုအတွက် အရှိန်အဟုန်သစ်များ ထပ်မံ ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုပုံစံများ ဆန်းသစ် တီထွင်ခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားများထည့်ဝင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)