ရုရှားလေတပ်မှ တီယူ-၉၅ အမျိုးအစား မဟာဗျူဟာဗုံးကြဲလေယာဉ်များ နော်ဝေဂျီယံနှင့် ဘာရန်းပင်လယ်တို့၌ ကင်းလှည့်ပျံသန်း
26 Dec
ရုရှားလေတပ်မှ နျူကလီးယားလက်နက်သယ်ဆောင်နိုင်သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များသည် နော်ဝေဂျီယံပင်လယ်နှင့် ဘာရန်းပင်လယ်တို့၌ ကင်းလှည့်ပျံသန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်ဟု RT သတင်းဌာနက ဖော်ပြခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ နော်ဝေဂျီယံပင်လယ်နှင့် ဘာရန်းပင်လယ်တို့၌ ကင်းလှည့် ပျံသန်းခဲ့သော လေယာဉ်များမှာ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များဖြစ် တီယူ- ၉၅ အမျိုးအစားဖြစ်ကြောင်း သိရသည်။ အဆိုပါ တီယူ-၉၅ ဗုံးကြဲလေယာဉ်များကို စောင့်ကြည့်ရေးအတွက် ပြည်ပနိုင်ငံအချို့က တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ သို့ရာတွင် တီယူ- ၉၅ မဟာ ဗျူဟာဗုံးကြဲလေယာဉ်များ နော်ဝေဂျီယံပင်လယ်နှင့် ဘာရန်းပင်လယ်ဒေသတို့၌ ကင်းလှည့်ပျံသန်းခဲ့သည့်နေ့ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ ရုရှားတပ်မတော်သည် ကမ္ဘာ့ဒေသအများအပြား၌ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များဖြင့် ကင်းလှည့်ပျံသန်းမှုများကို ပုံမှန်ပြုလုပ်လေ့ရှိသည်။ ထို့ပြင် ယခုလအစောပိုင်းကလည်း ရုရှားမဟာဗျူဟာ ဗုံးကြဲလေယာဉ်များသည် တရုတ်လေတပ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များနှင့်ပူးတွဲ၍ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အနီး ကင်းလှည့်ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။