ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လူကျွံဘောနှင့် ဂိုးလွန်ဘောများအတွက် နည်းပညာသစ်များအသုံးပြုရန် စမ်းသပ်မှုများလုပ်ဆောင်

25 Dec

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူကျွံဘောနှင့် ဂိုးလွန်ဘောများ အတွက် နည်းပညာသစ်များအသုံးပြုရန် စမ်းသပ်မှုများလုပ်ဆောင်နေကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လူကျွံဘောနှင့် ဂိုးလွန်ဘောများအတွက် ပြီးခဲ့တဲ့ FIFA Intercontinental Cup ပြိုင်ပွဲတွင်လည်း လျင်မြန်ရှင်းလင်းစွာ စစ်ဆေးနိုင်ရန် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ထားသည့် Real-time 3D Recreation အမည်ရှိ နည်းပညာသစ်ကို စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ Real-time 3D Recreation နည်းပညာက စစ်ဆေးမှုများလုပ်ဆောင်ရာတွင် လက်ရှိအသုံးပြုနေသည့် VAR စနစ်ကဲ့သို့ ဒိုင်လူကြီးတစ်ဦးတည်းသာ ကြည့်ရှုနိုင်မည်မဟုတ်ဘဲ စစ်ဆေးနေချိန်တွင် ရုပ်သံမှကြည့်ရှုသူများပါ တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က Real-time 3D Recreation နည်းပညာအပြင် အခြားနည်းပညာများကိုလည်း Hawk Eye Innovations နည်းပညာကုမ္ပဏီနှင့် ပူးပေါင်းကာ စမ်းသပ်မှုများလုပ်ဆောင်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင်အသုံးပြုနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ လက်ရှိဘောလုံးပြိုင်ပွဲများတွင် VAR ကဲ့သို့နည်းပညာများ အသုံးပြုနေသော်လည်း ဂိုးလွန်ဘောမှ ဂိုးသွင်းယူ ခဲ့ကြသည့် အဖြစ်အပျက်များတွင် အငြင်းပွားမှုများလည်းရှိနေသဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လူကျွံဘောအပြင် ဂိုးလွန်ဘောကိုပါ နည်းပညာဖြင့်ဆုံးဖြတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က Real-time 3D Recreation နည်းပညာအပြင် Out of Bounds အမည်ရှိ နည်းပညာသစ်တစ်မျိုးကိုလည်း စမ်းသပ်နေကြောင်း သိရပါတယ်။(NVS 008)

25 Dec

ADVERTISE HERE .