အိန္ဒိယနိုင်ငံက မုန်တိုင်းဒဏ်ခံခဲ့ရသော သီရိလင်္ကာနိုင်ငံကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ အကူအညီများပေးအပ်သွားမည်
25 Dec
အိန္ဒိယနိုင်ငံသည် မုန်တိုင်းဒဏ်ခံခဲ့ရသော သီရိလင်္ကာနိုင်ငံကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။ ဆိုင်ကလုန်းမုန်တိုင်းဒစ်ဝါကြောင့် စိုက်ပျိုးရေးနှင့်ငါးလုပ်ငန်းအပါအဝင် ဆက်စပ်လုပ်ငန်းများ ပြင်းထန်စွာ ထိခိုက်ခဲ့ရကြောင်း၊ ထို့ကြောင့် အဆိုပါစီးပွားရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သူ ၃၇၄,၀၀၀ ခန့်သည် အလုပ် အကိုင်မဲ့ဖြစ်နေရကြောင်း၊ ထို့ပြင် နိုင်ငံအတွင်းတွင် မုန်တိုင်းကြောင့် လမ်း၊ တံတား၊ လူနေအိမ်၊ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ခြင်း ကဲ့သို့သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပံ့ပိုးငွေများလိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံက သီရိလင်္ကာနိုင်ငံ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆုဘရာမန်ယမ် ဂျိုင်ရှန်ကာ က ပြောကြားခဲ့သည်။ အဆိုပါ အကူအညီပေးရေးအစီအစဉ်တွင် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရသောနေရာများတွင် ပျက်စီးခဲ့သည့် ရထားလမ်း၊ ကားလမ်းနှင့် တံတားများ ပြန်လည်တည်ဆောက်ခြင်းအပြင် ပျက်စီးသွားသောနေအိမ်များအား ပြန်လည် တည်ဆောက်ခြင်းတို့ကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးရေးတို့ပါဝင်ကြောင်း သိရသည်။